By ထီယု (ဥပဒေအတိုင်ပင်ခံ), Shweproperty.com
Updated at 11 January 2018
ရုံးခန်းသို့ စာရေးသူရောက်သည့်အခါ ဦးကောင်းမြင့်ရောက်နှင့်နေ သည်ကိုတွေ့လိုက်ရသည်။ ဦးကောင်းမြင့်မှာ အိမ် ခြံ မြေ ဝယ်ရောင်းတစ်ဦးဖြစ်သည်။ အတွေ့အကြုံများပြီဖြစ် ၍ အခက်အခဲရှိမှ စာရေးသူထံ ရောက်လာလေ့ရှိသည်။ ''ဦးကောင်းမြင့် မလာတာ အတော်ကြာပြီ၊ အခက်အခဲတစ်ခုတွေ့ နေလို့လား'' ''ပြောစရာဖြစ်နေပြီ ဆရာ၊ ကိစ္စရှိမှပဲ ဆရာ့ဆီရောက်တော့တယ်'' ''အိမ် ခြံ မြေ အရောင်းအဝယ် ပြန်ကောင်းနေပြီလား'' ''အကောင်းကြီးတော့ မဟုတ် ဘူး။ ဒါပေမယ့် အခုကာလမှာတော့ အဝယ်နည်းနည်းလိုက်လာတယ်'' ''အခုလောလောဆယ် ဦးကောင်းမြင့်ဘယ်မှာ ဝယ်ထားသေးသလဲ'' ''ဒဂုံမြို့သစ်အရှေ့မှာ မြေနဲ့ အိမ်ဝယ်ဖို့သွားတယ်ဆရာ'' ''ဘာအခက်အခဲရှိနေလို့လဲ'' ''မြေကွက်က ဂရန်မြေ၊ အမည်ပေါက်က ဖခင်အမည်ပေါက်'' ''ရောင်းမယ်ဆိုတော့ သားသမီးတွေက အဝေမတည့်လို့ ကန့်ကွက် ကြတယ်၊ ဒီလို မဟုတ်ဘူးလား'' ''ဆရာပြောသလို ရိုးရိုးရှင်းရှင်း ဆိုတော့ ပြဿနာမဟုတ်ဘူး။ အခု ကိစ္စက ထူးထူးခြားခြားလေးဖြစ်နေ လို့'' ''ထူးခြားတယ်ဆိုတော့ ပြောပြပါဦး'' ''အမည်ပေါက် ဖခင်နဲ့၊ မိခင်နှစ်ဦးလုံး ကွယ်လွန်သွားပြီ။ မိဘများမရှိတော့ မုဆိုးမဖြစ်တဲ့ အစ်မနဲ့ညီမ ဖြစ်သူတို့ အတူနေကြတယ်'' ''ညီမဖြစ်သူက မိသားစုရှိလား'' ''ညီမဖြစ်သူက သူ့မိသားစုရှိတယ်။ အစ်မဖြစ်တဲ့ မုဆိုးမမှာ သားသမီးမကျန်ခဲ့ဘူး။ မူလက အစ်မဖြစ်သူမှာ မိဘတွေနဲ့အတူနေတယ်။ ဖခင်လည်းဆုံး၊ ခင်ပွန်းလည်းဆုံးသွားတော့ တစ်ယောက်တည်းဖြစ်နေလို့ ညီမမိသားစုကို ခေါ်ထားတယ်'' ''ညီမနှစ်ယောက်ခွဲဝေလိုက်ရင် ပြီးပြီမဟုတ်လား။ ဒီလိုကိစ္စမျိုး ဦးကောင်းမြင့် အဆင်ပြေအောင် လုပ်တတ်ပါတယ်'' စာရေးသူက စကားကို ဖြတ်၍မေးလိုက်ခြင်းဖြစ်သည်။ ''ဒီလို ဆရာ၊ အခုအစ်မဖြစ်သူကလည်း ကွယ်လွန်သွားပြီ။ ဒါ ကြောင့် ညီမအငယ်က ရောင်းချင်တယ် ဆရာ'' ''ဈေးပေါတယ်ထင်ပြီး ဦးကောင်းမြင့်ဝယ်လိုက်တယ်ပေါ့'' ''ဈေးက သက်သာလှတယ်တော့ မဟုတ်ပါဘူး။ သင့်တင့်တယ်လို့ ထင်တယ်။ ပြီးတော့ အမွေဆက်ခံခွင့်ကလည်း ရှင်းနေတော့ စရန်ငွေပေးလိုက်တယ် ဆရာ'' ''အခု ဘယ်လိုကိစ္စပေါ်လာလို့လဲ'' ''အစ်မဖြစ်သူရဲ့ လင်ယောကျ်ား ဆိုပြီး ကန့်ကွက်လာလို့ ဆရာ'' ''ဦးကောင်းမြင့်ပြောတော့၊ အစ်မရဲ့ လင်ယောကျ်ားက ကွယ်လွန်သွားပြီဆို၊ အခု နောက်တစ်ယောက်ပေါ်လာတာလား'' ''ဟုတ်တယ် ဆရာ။ သူနဲ့ ပေါင်း သင်းခဲ့ပါတယ်ဆိုပြီး ကန့်ကွက်တောင်းဆိုတာပဲ ဆရာ။ အဲဒါ ဘယ်လိုဖြစ်နိုင်သလဲလို့ ဆရာ့ဆီ အကြံ လာတောင်းတာ ဆရာ'' ''ထူးထူးခြားခြားကိစ္စဆိုတော့ ဥပဒေအကြံပေးခ နှစ်ဆတောင်းရ မယ် ထင်တယ်'' ''ပြောစရာလိုလို့လား ဆရာရယ်။ ကျွန်တော်လည်း ကန့်ကွက်ချက်ကို ကြားလိုက်တော့ အံ့သြပြီး အတော်စိတ်ပူသွားတယ်။ အမှုအ ခင်းတွေများဖြစ်နေမလားဆရာ'' ''ပြောလို့တော့ မရဘူးဗျ။ ဒါပေမယ့် တရားဝင် ဇနီးအဖြစ် ပေါင်းသင်းခဲ့တာတော့ အခိုင်အမာပြဖို့လိုလိမ့်မယ်'' ''ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ကန့်ကွက်စာပဲတင်ခဲ့တာ ဆရာ၊ ဘာအထောက်အထားမှတော့တင်ပြတာ မရှိဘူး'' ''အဲဒီလူက ဘယ်မှာနေတာလဲ။ တစ်ရပ်ကွက်တည်းလား'' ''မဟုတ်ဘူး။ စမ်းချောင်းမြို့နယ် မှာ သူ့မိသားစုနဲ့အတူနေတယ်'' ''မိသားစုနဲ့အတူနေတယ်ဆို တော့ ဇနီးမယားရှိသလား'' ''ဇနီးနဲ့တော့ ကွဲနေတယ် ပြောတယ်။ ဒါကြောင့် ကွယ်လွန်သွားတဲ့ အစ်မဖြစ်သူနဲ့ ပေါင်းသင်းနေတယ်ဆိုပြီး ကန့်ကွက်တာ ဆရာ၊ ဥပဒေက ဘယ်လိုရှိပါသလဲ ဆရာ'' ''မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရတော့လက်ထပ်မှု တရားဝင်ဖြစ်ဖို့အတွက် အခမ်းအနား၊ လက်ထပ် စာချုပ်ရှိစရာမလိုဘူး။ နှစ်ဦးပေါင်း သင်းနေထိုင်မှုဟာ တရားဝင်လင်မယားအဖြစ် လူသိရှင်ကြားပေါင်းသင်း နေထိုင်မှုဖြစ်ဖို့လိုပါတယ်။ တစ်နည်း ပြောရရင်တော့ လင်နဲ့မယားပေါင်းသင်းမှုမှာ ရပ်ရွာရပ်ကွက် ပတ်ဝန်းကျင်က ဇနီးမောင်နှံအဖြစ် အသိအ မှတ်ပြုဆက်ဆံကြောင်း ထင်ရှားဖို့လို ပါတယ်'' ''တိတ်တဆိတ်ပေါင်းသင်း ဆက်ဆံမှုမျိုးဆိုရင် တရားမဝင်ဘူး ပေါ့'' ''တစ်ယောက်တည်းနေတဲ့ မုဆိုးမဆိုတော့၊ ဝင်ထွက်ပြီး အကူအညီပေးတာမျိုးလည်း ရှိနိုင်တာပေါ့။ အခွင့်အရေးယူမယ့် သူတွေလည်း ရှိ နိုင်တာပဲ။ ဒါကြောင့် ညီမ မိသားစုကို ခေါ်ထားတာလည်း ဖြစ်နိုင်တယ်'' ''ရပ်ကွက်ရုံးက အထောက်အထားတောင်းပြီး ညှိနှိုင်းပေးရင် ဖြစ် နိုင်တယ်ပေါ့နော်'' ''တရားစွဲဆိုတောင်းတဲ့ အဆင့်ထိလည်းဖြစ်နိုင်တယ်။ ဒီအဖြစ်အပျက်နဲ့တူတဲ့ တရားရုံးချုပ်က ဆုံးဖြတ်ချက်တစ်ခုကို သတိရမိတယ်''ဟု စာရေးသူက ဦးကောင်းမြင့်ကိုပြောပြီး၊ မှတ်သားထားသည့် စီရင်ထုံးတစ်ခုကို ဖတ်ပြလိုက်ပါသည်။ ''ပြောပြပါဦး ဆရာ၊ ဗဟုသုတ အဖြစ် မှတ်ထားရအောင်'' ''တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တဲ့ ဒေါ်ကျင်မြနှင့် ဦးထွန်းလူ ၁၉၇၉ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ (၉) အမှုမှာ ဦးထွန်းလူက သေသူ ဒေါ်ကျင်တင်ရဲ့ ခင်ပွန်းဖြစ် တယ်ဆိုပြီး ညီမအရင်းဖြစ်သူ ဒေါ်ကျင်မြအပေါ် ဒေါ်ကျင်တင် ဝေစုကို ရလိုမှု တရားစွဲတာဖြစ်တယ်။ တရားရုံးတော်က မြန်မာ့ဓလေ့ထုံး တမ်းဥပဒေတွင် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်မှုဆိုသည်မှာ တရားဝင်လင်မယားအဖြစ် အထင်အရှား နေထိုင်ပေါင်းသင်းဆက်ဆံမှုမျိုးကို ဆိုလိုသည်။ တိတ်တဆိတ် ပေါင်းသင်းဆက်ဆံမှုမျိုးကို မဆိုလိုပေ။ လင်နှင့်မယား ပေါင်းသင်းမှုမှာ ရပ်ရွာက ဇနီးမောင်နှံအဖြစ် အသိ အမှတ်ပြုဆက်ဆံကြောင်း ထင်ရှားစေရမည်။ ဦးထွန်းလူအနေဖြင့် လင်မယားအဖြစ်နေထိုင်သွားလာကြောင်း သက်သေမတင်ပြနိုင်ခြင်း၊ ဒေါ်ကျင်တင် ဆေးရုံတက်နေစဉ်က မလာခြင်း၊ အထောက်အထား ခိုင်မာစွာ မတင်ပြနိုင်သဖြင့် တရားဝင် လင် ယောကျ်ားမဟုတ်ဟု ဆုံးဖြတ်ခဲ့ပါတယ်'' ''ဇနီးဖြစ်ကြောင်း အထောက်အထား မခိုင်လုံရင်တော့ ရပိုင်ခွင့်ရှိမှာ မဟုတ်ဘူးပေါ့'' ''မှန်ပါတယ်။ အထောက်အထား မခိုင်လုံလို့ ရပ်ကွက်အုပ်ချုပ် ရေးမှူး ရှေ့မှာပဲ ကြေအေးသွားရင် တော့ပြီးသွားမှာပေါ့။ ဒါမှမဟုတ်ရင် တရားရုံးမှာ အမှုအခင်း ဖြစ်နိုင်တဲ့အတွက် ဦးကောင်းမြင့် စဉ်းစားဆုံး ဖြတ်ပါလို့''အကြံပေးလိုက်ပါသည်။ Ref : Zaygwet Photo Credit : Google Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ