By Myanmar Builders Guide, Shweproperty.com
Updated at 2 January 2020
မြေငှားမဲ့သူတွေအတွက် မြေမငှားခင်သိသင့်သောအချက်များမှာ- မြေငှားစာချုပ် (ဂရန်) အသစ်ထုတ်ပေးခြင်း၊ မြေငှားစာချုပ် (ဂရန်) မိတ္တူထုတ်ပေးခြင်း၊ မြေငှားစာချုပ် (ဂရန်) သက်တမ်းတိုးပေးခြင်း၊ မြေငှားစာချုပ် (ဂရန်) ခွဲစိတ်ပေးခြင်း၊ မြေအမည်ပေါက်ပြောင်းလဲပေးခြင်းတို့ ဖြစ်ပါသည်။
လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေ ဂရန်သစ်လျှောက်လျှင် ဘာတွေလိုသလဲ
-နိုင်ငံသား စီစစ်ရေး ကတ်ပြား
-ပါမစ် (သို့) လိုင်စင် မိတ္တူ
-မှတ်ပုံတင် စာချုပ်စာတမ်း (စကွာတာမြေ)
-နောက်ဆုံးပေးဆောင် ထားသည့် မြေခွန်ပြေစာ (မူရင်း) တို့နှင့်အတူ ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်လျှောက်ထား ရမည်။
စီစစ်/လက်ခံခြင်း
အထောက်အထားမိတ္တူများကို မူရင်းနှင့် တိုက်ဆိုင်စီစစ်ပါသည်။တင်ပြသည့်အထောက်အထားများနှင့် မြေစာရင်းရှိအထောက်အထားများ တူညီမှန်ကန်မှုရှိပါက မြို့နယ်ထွေ/အုပ်ဦးစီး အုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် (၁၄) ရက်အတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာပါသည်။ အမည်ပေါက် မဟုတ်ပါက သတင်းစာတွင် (၁၄) ရက်အတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာပါသည်။
ဂရန်သစ် ထုတ်ပေးခြင်း
- ကန့်ကွက်မှု တစ်စုံတစ်ရာ မရှိပါက ဌာနမှ ခွင့်ပြုပေးပြီး သတ်မှတ်ဝန်ဆောင်ခများ ပေးသွင်းရပါမည်။
- ပါမစ် (သို့) လိုင်စင် မူရင်းကို ဌာနသို့ အပ်နှံရပါမည်။
- ဌာနမှူးနှင့် လျှောက်ထားသူတို့သည် နှစ်ဖက်သက်သေ (၁)ဦးစီဖြင့် မြေဌား စာချုပ်ပေါ်တွင် လက်မှတ်ရေး ထိုး၍ မြေငှားစာချုပ် (ဂရန်) ထုတ်ပေးပါသည်။
ဒါတွေ သင်လုပ်ရမည်
- လျှောက်ထားသူသည် ရရှိသည့် မြေငှားစာချုပ် (ဂရန်) တွင် အခွန်ရုံးမှ မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် ဥပဒေအရ သတ်မှတ်နှုန်းအတိုင်း အထူးကပ် တံဆိပ်ခေါင်း ကပ်ရပါမည်။
- မြေငှားစာချုပ် (ဂရန်) ထုတ်ပေး ခံရသူ အမည်ဖြင့် (၃)လတစ်ကြိမ်၊ (၁)နှစ်လေးကြိမ် စည်းကြပ် သော မြေငှားရမ်းခ (မြေခွန်) ပေးဆောင်ရမည်။
- သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ ဂရန်စာချုပ် သက်တမ်းတိုး လျှောက်ထားရမည်။
မြေငှား စာချုပ် (ဂရန်) ပျောက်ဆုံး/ပျက်စီးလျှင်
- မြေငှားဂရန် စာချုပ်မူရင်း ပျောက်ဆုံးလျှင် သော်လည်းကောင်း၊ ပျက်စီးလျှင် သော်လည်းကောင်း မြေဌားဂရန် စာချုပ်မိတ္တူ လျှောက်ထားနိုင် ပါသည်။
- ထိုသို့လျှောက်ထား လာပါက မူလ အမည်ပေါက်ဖြင့်ပင် မြေငှားစာချုပ် (ဂရန်) မိတ္တူမှန် ထုတ်ပေးပါမည်။
မြေငှားစာချုပ် (ဂရန်) ပျောက်ဆုံး/ပျက်စီးလျှင်
- နိုင်ငံသားစိစစ်ရေးကတ်ပြား
- မြေငှားဂရန် စာချုပ် အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံး ကျမ်းကျိန်လွှာ
- ပျောက်ဆုံးခြင်းကြောင့် ဖြစ်ပါက မြို့နယ်ထွေ/အုပ်ဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်၊ ရဲစ ခန်းသို့ တိုင်ကြားချက်
- မှတ်ပုံတင် စာချုပ်စာတမ်း (သို့) တရားရုံး စီရင်ချက်နှင့် ဒီဂရီအရ လျှောက်ထားခြင်းဖြစ်လျှင် ယင်း အထောက်အထားများ နောက်ဆုံးပေးဆောင် ထားသည့် မြေခွန်ပြေစာ (မူရင်း) တို့နှင့်အတူ ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ လျှောက်ထားရမည်။
စီစစ်ထုတ်ပေးခြင်း
- မြို့နယ် ထွေ/အုပ်ဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများတွင် (၁၄) ရက် အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်းနှင့် သတင်းစာများတွင် သီးခြားကြော်ငြာခြင်းတို့ကို ပြုလုပ်ပါသည်။
- ကန့်ကွက်သူ မရှိ၊ တရားရုံး အမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာ တစ်စုံတစ်ရာ မရှိပါက ဂရန်သစ် ထုတ်ပေးစဉ် သကဲ့သို့ပင် သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေငှားဂရန် မိတ္တူ ထုတ် ပေးပါသည်။ ဂရန် မိတ္တူတွင် အခွန်တံဆိပ်ခေါင်း ကပ်ရန် မလိုပါ။
မြေငှားစာချုပ်(ဂရန်)သက်တမ်းတိုးခြင်း
- သတ်မှတ်ထားသော သက်တမ်းကာလ ကုန်ဆုံးသောအခါ သက်တမ်းတိုး လျှောက်ထားရမည်။
- အမည်ပေါက်သူ၊ မှတ်ပုံတင် စာချုပ် အဆင့်ဆင့်ဖြင့် နောက်ဆုံး ပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနှင့် ပတ်သတ်၍ တရားရုံး စီရင်ချက်နှင့် ဒီဂရီ ရထားသူကသာ လျှောက်ထားနိုင်သည်။
- ဌာနမှ သတ်မှတ်ပုံစံ နှင့်အတူ နိုင်ငံသား စီစစ်ရေး ကတ်ပြား၊ သက်တမ်းကုန် ဂရန်နှင့် အမည်ပေါက် ပိုင်သူ မဟုတ်ပါက ပိုင်ဆိုင်မှု စာချုပ်စာတမ်း (သို့) တရားရုံး စီရင်ချက် ဒီဂရီနှင့် နောက်ဆုံးပေး ဆောင်ထားသည့် မြေခွန်ပြေစာ မူရင်းတို့ဖြင့် လျှောက်ထား ရမည်။
- ဂရန်သစ် လျှောက်ထားစဉ် ကကဲ့သို့ပင် စီစစ်ပြီး သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေ၍ မြေငှားဂရန် စာချုပ်အား ထုတ်ပေးပါသည်။
- သက်တမ်းကုန်ဆုံးသော ဂရန်အား ပြန်လည်အပ်နှံ ရမည်ဖြစ်ပြီး ဂရန်ပျောက်ဆုံး နေပါက သတ်မှတ် ဒဏ်ကြေးငွေ ပေးဆောင်ရမည်။
မြေငှားဂရန် စာချုပ် ခွဲစိတ်ပေးခြင်း
- သက်တမ်းရှိ မြေငှားဂရန် စာချုပ်ကို ဂရန်ခွဲအဖြစ် ထုတ်ပေးနိုင်ပါသည်။
- ဌာနမှ သတ်မှတ်ပုံစံ နှင့်အတူ နိုင်ငံသား စီစစ်ရေး ကတ်ပြား၊ ပိုင်ဆိုင်မှု အထောက်အထားများ နှင့်အတူ ဌာနမှ ခွင့်ပြုထုတ်ပေး ထားသည့် မြေကွက်ခွဲ အတည်ပြု ပုံစံနှင့် မြေကွက်ခွဲစိတ် တိုင်းတာသည့် မြေပုံများ တင်ပြရမည်။
- အမည်ပေါက် ကိုယ်တိုင်မှ လျှောက်ထားလျှင် သတင်းစာ ကြော်ငြာခြင်း မပြုလုပ်ဘဲ အမည်ပေါက် သူမှ လျှောက်ထားခြင်း မဟုတ်ပါက သတင်းစာတွင် (၁၄) ရက် အချိန်ပေး ကြော်ငြာ ပါသည်။
- ကန့်ကွက်သူ မရှိပါက သတ်မှတ် ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေကွက် အမှတ်သစ်ဖြင့် ဂရန်ခွဲထုတ် ပေးပြီး မူလမြေငှားဂရန် စာချုပ်အား ပြန်လည်သိမ်းယူ ပါသည်။
- မူလမြေငှား စာချုပ်(ဂရန်)၏ အစိတ်အပိုင်းကိုသာ ဂရန်ခွဲထုတ်ခြင်း ဖြစ်ပါက ထိုသို့ဂရန်ခွဲထုတ် ကြောင်းကို မူလမြေငှား စာချုပ်ပေါ်တွင် ရေးမှတ်ပေးပါသည်။
- ဂရန်ခွဲ ထုတ်ပေးသူ အမည်ဖြင့် မြေခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ပါသည်။
မြေအမည်ပေါက် ပြောင်းလဲပေးခြင်း
- မြေပိုင်မြေ၊ မစိုက်ပျိုးသော ဘိုးဘွားပိုင်မြေ၊ ဂရန်ရှိ မြေပိုင်မြေနှင့် သက်တမ်းရှိ မြေငှားဂရန် မြေတို့ကို မြေအမည်ပေါက် ပြောင်းလဲသတ်မှတ် ပေးပါသည်။
- ဌာနမှ သတ်မှတ်ပုံစံ နှင့်အတူ နိုင်ငံသား စီစစ်ရေးကတ်၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက် စာချုပ် ဂရန်မြေ ဖြစ်ပါက မြေငှားဂရန်၊ နောက်ဆုံးပေးဆောင် ထားသည့် မြေခွန်ပြေစာ၊ စာချုပ် အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူ ဖြစ်ပါက စာချုပ်စာတမ်း၊ တရားရုံး အမိန့်ရရှိထားသူ ဖြစ်ပါက ပိုင်ဆိုင်မှုနှင့် ပတ်သတ်၍ စီရင်ချက်နှင့် အမိန့်ဒီဂရီများနှင့် လျှောက်ထားရမည်။
- ဂရန်သစ် လျှောက်ထားစဉ် သကဲ့သို့ပင် စီစစ်ပြီး ကန့်ကွက်သူ မရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး စာချုပ်မူရင်း (သို့) မြေငှားဂရန် မူရင်းတွင် အမည်ပြောင်းလဲခြင်း မှတ်တမ်းရေး ဖြည့်၍ ပြန်လည်ထုတ်ပေး ပါမည်။ ဂရန်မြေ ဖြစ်ပါက အမည်ပြောင်း၍ မြေခွန်စည်းကြပ်နိုင်ရေး ဆက်လက်ဆောင်ရွက် ပါသည်။
Ref : Myanmar Builders Guide
Photo Credit : Newspatrolling
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ