By U Kyaw Zay Ya (Law), Shweproperty.com
Updated at 26 December 2018
ယခုအခါ အိမ်ငှားနယ်ပယ်တွင် ``စပေါ်´´စနစ်သည် တစ်စတစ်စ လျော့ပါးသွားပြီး ``နှစ်ချုပ်´´စနစ်သည် ကျယ်ပြန့်စွာ နေရာယူလာသည်ကို တွေ့ရပါသည်။ ယခင်ကဆိုလျှင် အိမ်ကောင်းလျှင် ကောင်းသလောက်၊ အိမ်ညံ့လျှင် ညံ့သလို ``စပေါ်ငွေ´´များကို ခွဲခြား၍ ယူတတ်ပါသည်။ ငှားရမ်းခမှာလည်း အိမ်အခြေအနေ၊ ရပ်ကွက်အခြေအနေအလိုက် ကွဲပြားပါသည်။ ယခုအခါ မြို့ပြတိုက်ခန်းများ တိုးတက်များပြားလာပြီး တိုက်ခန်းများ ငှားရမ်းရာတွင် ``စပေါ်´´ဖြင့် ငှားရမ်းမှုသည် သိသိသာသာ လျော့ပါးသွားသည်ကို တွေ့ရပါသည်။ (၁)လလျှင် ၅၀၀၀၀ိ/-၊ ၁၀၀၀၀၀ိ/- ကျပ် စသည်ဖြင့် (၁)နှစ်အတွက် ငှားရမ်းခကို (၁)ကြိမ်တည်း ကြိုတင်ရယူကာ (၁)နှစ်သက်တမ်း ``နှစ်ချုပ်´´ငှားရမ်းလာကြသည်ကို တွေ့ရပါသည်။ ``စပေါ်´´စနစ်နှင့် ``နှစ်ချုပ်´´စနစ်၏ ခြားနားခြင်းများအနက် ခြားနားချက်တစ်ရပ်ကို တင်ပြပါမည်။ ``စပေါ်´´စနစ်သည် အစဉ်အလာအားဖြင့် ငှားရမ်းကာလ သတ်မှတ်ချက် မရှိဟု ဆိုရပါမည်။ ``စပေါ်´´ယူ၍ ငှားရမ်းထားသောစာချုပ်များတွင် ငှားရမ်းခကို ရပ်ဆိုင်းခြင်းကိစ္စနှင့် ပတ်သက်၍ ``အိမ်ရှင်ကသော်လည်းကောင်း၊ အိမ်ငှားကသော်လည်းကောင်း မထားလို၊ မနေလိုပါက ၁ လ (သို့မဟုတ်) ၂ လ ကြိုတင်အကြောင်းကြားရမည် ဖြစ်သည်။´´ဟူ၍ ထည့်သွင်းချုပ်ဆိုတတ်ကြပါသည်။ သို့ဖြစ်ရာ မထားလို၊ မနေလိုသူဘက်က သတ်မှတ်ချက်အတိုင်း ကြိုတင် အကြောင်းမကြားမချင်း ငှားရမ်းမှုကို တည်ရှိနေသည်ဟု မှတ်ယူစရာ ဖြစ်ပါသည်။ တစ်နည်းဆိုသော် ငှားရမ်းမှု ရပ်ဆိုင်းခြင်းကို အိမ်ရှင်ဘက်နှင့် အိမ်ငှားဘက် နှစ်ဘက်စလုံးကို အခွင့်အရေးပေးခြင်း ဖြစ်ပါသည်။ `နှစ်ချုပ်´´ငှားရမ်းမှုစာချုပ်မှာမူ မထားလို၊ မနေလိုက ကြိုတင် အကြောင်းကြားရန်ကိစ္စ ပါရှိရန်မလိုဘဲ စတင်ငှားရမ်းသည့် အချိန်မှအစပြု၍ (၁)နှစ်တိတိ ငှားရမ်းခြင်းဖြစ်ရာ (၁)နှစ်သက်တမ်းပြည့်သည်နှင့် စာချုပ်သက်တမ်းလည်း စေ့၊ ငှားရမ်းခြင်းလည်း ဆုံးခန်းတိုင် ရောက်ပါသည်။ သို့သော် အချို့သော ``နှစ်ချုပ်´´ငှားရမ်းမှုစာချုပ်တို့တွင် အောက်ပါစာပိုဒ်ကို မလိုအပ်ဘဲ ထည့်သွင်းချုပ် ဆိုကြသည်ကို တွေ့ရသည်။ ``အိမ်ရှင်ကသော်လည်းကောင်း၊ အိမ်ငှားကသော်လည်းကောင်း မထားလို၊ မနေလိုက ၁ လ (သို့မဟုတ်) ၂ လ ကြိုတင်၍ အကြောင်းကြားရမည်´´ဆိုသည့်အချက် ဖြစ်ပါသည်။ စင်စစ် ``နှစ်ချုပ်´´ငှားရမ်းမှုစာချုပ်အရ သက်တမ်း(၁)နှစ်ပြည့်သည်နှင့် ကြိုတင်အကြောင်းကြားရန်မလိုဘဲ အလိုအလျောက် စာချုပ်သက်တမ်းကုန်ဆုံးပါသည်။ ငှားရမ်းမှုမှာလည်း ဆုံးခန်းသို့ ရောက်ပါသည်။ သို့သော် ဖော်ပြပါ အချက်ကို ``နှစ်ချုပ်´´ငှားရမ်းမှုစာချုပ်တွင် ထည့်သွင်းချုပ်ဆိုလိုက်သောအခါ (၁)နှစ်သက်တမ်းပြည့်သည်ပင်ဖြစ်သော်လည်း ၂ လ ကြိုတင် အကြောင်းကြားခြင်းမရှိပါက စာချုပ်သက်တမ်း မကုန်ဆုံးသေးသည့်သဘော၊ ငှားရမ်းမှု ဆုံးခန်းမတိုင်သေးသည့်သဘော ဖြစ်သွားပါသည်။ ထို့အပြင် အငြင်းပွားစရာများ ပေါ်ပေါက်ပါသည်။ ``နှစ်ချုပ်´´ငှားရမ်းမှု စာချုပ်သက်တမ်း ကုန်ဆုံးသောရက်သည် ငှားရမ်းမှု ဆုံးခန်းတိုင်သောရက် ဖြစ်သလော၊ သို့မဟုတ် သုံးလသာနေထိုင်ပြီး မထားလိုတော့သဖြင့် ကြိုတင် ၂ လ အကြောင်းကြားသောရက် စေ့ရောက်ချိန်သည် ငှားရမ်းမှု ဆုံးခန်းတိုင်သောရက် ဖြစ်သလော၊ သို့မဟုတ် (၁)နှစ်ကျော်ပြီးနောက်တွင် ၂ လ ကြိုတင် အကြောက်းကြားရာ အဆိုပါ အကြောင်းကြားသော ၂ လပြည့်မြောက်သောနေ့သည်ပင် ဆုံးခန်းတိုင်သောရက် ဖြစ်သလော ဆိုသည့် အငြင်းပွားစရာများ ဖြစ်ပါသည်။
ထိုသို့ ရှုပ်ထွေးမှုများ၊ အငြင်းပွားစရာများ မဖြစ်စေရန် ``နှစ်ချုပ်´´ငှားရမ်းသော စာချုပ်တွင် ``မထားလို မနေလိုက ၂ လ ကြိုတင် အကြောင်းကြားရမည်´´ဆိုသည့် မဆီမဆိုင်ကိစ္စများ ထည့်သွင်း မချုပ်ဆိုမိကြဖို့ အရေးကြီးကြောင်း အသိပေး ဖော်ပြလိုက်ရပေသည်။
Ref : U Kyaw Zaya (Law)
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ