By ဆရာအိမောင် (Managing Partner & Co-Founder at Fairway Technology ), Shweproperty.com
Updated at 20 February 2019
အိမ်တွေ ကားတွေ အကြွေးနဲ့ဝယ်သင့် မဝယ်သင့် တွက်ပြထားတာလေး တစ်ခုတွေ့မိတော့ ပြောရဦးမယ်။ ကိုယ်တိုင်က အိမ်ကို အကြွေးနဲ့ ဝယ်ထားပြီး မကြာခင်မှာ ကားကိုလဲ အကြွေးနဲ့ ဝယ်တော့မှာ။ ကိုယ်တွက်ပုံ တွက်နည်းလေး ပြောပြမယ်။
- သိန်း (၆၀၀) တန်တိုက်ခန်းကို (၃၀%) လက်ငင်းသွင်းပြီး (၁၅) နှစ် အရစ်ကျယူရင်၊ တစ်လကို (၄) သိန်းကျော် သွင်းရပါတယ်။
- အတိုးနှုံးက တစ်နှစ်ကို (၁၂%) လောက် ပေးရမှာပါ။ တစ်လကို (၁%) ပါ။
- (၁၅) နှစ်သွင်းပြီးတဲ့အခါ စုစုပေါင်းသွင်းငွေ သိန်း (၁၀၀၀) လောက် ဖြစ်သွားမှာပါ (အတိအကျတော့ မဟုတ်ပါဘူး။ အတိအကျသိချင်ရင် ဘဏ်တစ်ခုခုနဲ့ ဆွေးနွေးကြည့်ရမှာပါ)။
ဒီတော့ သိန်း (၆၀၀) တန် အခန်းကို ကိုယ်က သိန်း (၁၀၀၀) တောင် ပေးဝယ်လိုက်ရသလို မဖြစ်မနေဘူးလား? ပြန်ရောင်းရင် အဲ့ဒီအိမ်က သိန်း (၁၀၀၀) ပြန်ရမှာမို့လို့လား? (၁၅) နှစ်တောင် နေပြီးလို့ ဟောင်းနေပြီ။ ဈေးကျသွားလို့ အရင်း သိန်း (၆၀၀) တောင်မရတော့ရင် ဘယ်လိုလုပ်မလဲ?
ဘယ်လိုမှ မလုပ်ပါနဲ့။ ဒါလေးတွေသာ ထည့်စဉ်းစားကြည့်ပါ။
- အိမ်ငှားနေရရင်၊ အလားတူအခန်းအတွက် တစ်လ (၃) သိန်းခန့် ပေးရပါမယ်။
- (၁၅) နှစ်အတွက် သိန်း (၅၄၀) ပါ။
ကျန်တာတွေ ထပ်တွက်ပြစရာ မလိုသေးဘူး။ အဲ့ဒီမှာတင် တန်နေပြီ။ စဉ်းစားလို့ရအောင် ကျန်တာတွေလည်း ထည့်ပြောပါမယ်။
- အခုချိန်မှာ ဘဏ်ကိုသွားပြီး စီးပွားရေး လုပ်ချင်လို့ သိန်း (၄၂၀) လောက်ချေးပါဆိုရင် ဘဏ်က ချေးမှာ မဟုတ်ပါဘူး။ သိန်း (၆၀၀) တန်အိမ်အတွက် သိန်း (၄၂၀) စိုက်ဝယ်ပေးပါ ဆိုရင်တော့ ဝယ်ပေးပါတယ်။
- ဒါကြောင့် ဘဏ်ကိုအိမ်ဝယ်ခိုင်းပြီး ကိုယ့်ရဲ့ အိမ်ဖိုးစုထားတဲ့ငွေနဲ့ စီးပွားရေးလုပ်လိုက်ပါ။ လုပ်တတ်ရင် လုပ်တတ်သလို တိုးပွားလာမှာပေါ့။
- မြန်မာနိုင်ငံရဲ့ ငွေဖောင်းပွမှုနှုန်းက တစ်နှစ်ကို (၆%) ခန့် ရှိပါတယ်။
- ဒါကြောင့် ဘဏ်တိုး တစ်နှစ် (၁၂%) အတိုးဆိုတာ တစ်ကယ်တန်း ငွေဖောင်းပွမှုနှုန်းနဲ့ ချေချလိုက်ရင် (၆%) ပဲ ရှိပါတော့တယ်။ ဒါတောင် လူပြိန်းတွက် တွက်ထားတာ။ ငွေဖောင်းပွတာက ဆတိုးနဲ့ ဖောင်းပွတာ။
တစ်လ (ဝ.၅%) အတိုးနဲ့ ငွေချေးပါဆိုလို့ ဘယ်သူမှ မချေးပါဘူး။ အခုလို ခေတ်ပြောင်းခါစ အိမ်/ကား ဝယ်ဖို့ ပျော်ပျော်ကြီး ထုတ်ချေးနေချိန်မှာ ကိုယ်က ယူတတ်ရင် အကျိုးရှိပါတယ်။ ရတိုင်းမယူဖို့တော့ လိုတာပေါ့။ ကိုယ်အင်အားနဲ့ကိုယ် ချင့်ချိန်ရမယ်လေ။ မနိုင်ဝန်ထမ်းပြီး အရူးမီးဝိုင်းရင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပေါ့။
ဒါပါပဲ။
ကားကတော့ ချေးငွေကို နှစ်တိုပဲရမယ်။ အိမ်လို နှစ်ရှည်မရဘူး။ ပြီးတော့ အိမ်ထက်ပိုပြီး တန်ဖိုးကျလွယ်တယ်။ ဒါပေမယ့် အိမ်ထက် ပိုပြီး အရောင်းအဝယ် လွယ်တယ်။ တွက်တာတော့ ဒီနည်းအတိုင်းပဲ တွက်ပါ။ တစ်လကိုယ့် သွားလာစရိတ်၊ ကိုယ့်ငွေရင်းကို ရင်းနှီးမြှတ်နှံလိုက်ရင် ရမယ့်အမြတ်၊ ကိုယ်ပိုင်ကားကပေးမယ့် Value (ဥပမာ - အချိန်ကုန် သက်သာမှု) စသဖြင့် တွက်ပါ။ "ငွေပမာဏ" တစ်ခုတည်းကို တွက်ရင်တော့ မှားပါလိမ့်မယ်။
ဒါကြောင့်... ကနေ့ခေတ်မှာ အရစ်ကျအကြွေးနဲ့ ဝယ်ရတာ၊ ဝယ်တတ်ရင် တန်ပါတယ်။ ခေတ်စနစ်ကပေးတဲ့ အားသာချက်ကို ကိုယ်က အရယူဖို့ လိုပါတယ်လို့...
ဆရာအိမောင် (Managing Partner & Co-Founder at Fairway Technology ) ရေးသားထားတဲ့ အကြောင်းအရာကို ကူးယူဖော်ပြပေးထားခြင်းဖြစ်ပါတယ်။
Photo Credit : robinbutlerrealtor
Posted By Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ