By Myanmar Property News, Shweproperty.com
Updated at 1 December 2017
မြေအရောင်းအဝယ်လုပ်ရာ၌ ဝယ်သူများမှသာ ခိုင်မာမှု ရှိစေရန် ရှေ့နေရှေ့ရပ်များခေါ်၍ စာချုပ်များချုပ်ဆိုခြင်း၊ ပိုင်ဆိုင်မှုစာရွက် စာတမ်းများ၊ မှန်/မမှန် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ကြသော်လည်း ရောင်းချသူများကား ရှေ့နေရှေ့ရပ်များခေါ်ယူ၍ အရောင်း အဝယ် စာချုပ် စစ်ဆေးစေခြင်းနှင့် အရောင်းအဝယ်အား တိကျသေချာစေရန် ဆောင်ရွက်ခြင်းတို့မှာတော့ အင်မတန် ရှားပါးလွန်း လှပါသည်။
အမှန်တကယ်တော့ ရောင်းသူဖြစ်ဖြစ်၊ ဝယ်သူဖြစ်ဖြစ် အရောင်းအဝယ်တစ်ခုအား ပြုလုပ်ကြရာ ဝယ်ရောင်းသူဘက်မှ ဆောင်ရွက် ပေးရမည့် တာဝန်ရှိသလို၊ ဝယ်ယူသူဘက်မှလည်း လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အရောင်းအဝယ်စာချုပ်ထဲ၌ တိကျစွာရေးသားချုပ်ဆိုထားသင့်ပါသည်။
လွန်ခဲ့သော တစ်ပတ်ခန့်က ကျွန်တော့မိတ်ဆွေ၏ မိခင်ဖြစ်သူက အငြိမ်းစားကျောင်းအုပ်ဆရာမကြီး တစ်ဦးအား ၎င်း၏ တပည့် တော်စပ်ခဲ့ဖူးသူ အိမ်၊ခြံ၊မြေ ပွဲစားတစ်ဦးမှ ဆရာမကြီးပိုင် တောင်ဒဂုံ မြို့နယ်မှာ ရှိသော ပါမစ်မြေအား ဝယ်ယူရန် ကမ်းလှမ်းခဲ့ပြီး စရန်ငွေ တစ်စိတ်တစ်ပိုင်းပေးချေသွားခဲ့ပါသည်။
အဆိုပါ စရန်ငွေပေးချေသွားသော အချိန်၌ တောင်ဒဂုံမြို့နယ်မှာ စီမံကိန်း တစ်ခုကြောင့် မြေဈေးခုန်တက်နေသော အချိန်ကာလ လည်း ဖြစ်ပါသည်။ ထိုသို့စရန်ငွေ တစ်စိတ်တစ်ပိုင်းပေးချေသွားခဲ့ပြီးနောက် အရောင်းအဝယ်ပြုသော ပါမစ်မြေနှင့် ပတ်သက်သော စာရွက်စာတမ်းမူရင်း များကို ဂရန်လျှောက်ရမည်ဆိုသော အကြောင်းပြချက်ဖြင့် ယူသွားပါသည်။
စရန်ငွေပေးချေပြီး ၂ လခန့်အကြာတွင် အဆိုပါ မြေဈေးများ တစ်ဝက်ခန့် တစ်ရှိန်ထိုး ကျဆင်းသွားပြီးနောက် အဆိုပါ ဝယ်ယူသူ ပွဲစားမှာ ဒုတိယအရစ် စရန်ငွေကို ပေးချေရမည် ကို ရက်စေ့သော်လည်း မပေးချေခဲ့ပါ။
ပွဲစားအနေနှင့် ဆုတ်လည်းဆူး၊ စားလည်းရူးမည့် အခြေအနေပေါ့။ ရှေ့ဆက်တိုးလျှင် မတန်တဆပေးရမည်ဖြစ်ပြီး၊ နောက်ပြန်ဆုတ်လျှင် ပေးထားသော စရန်ငွေဆုံးတော့မည့်အခြေအနေပါပဲ။
ရောင်းချသူအနေနှင့် ဝယ်သူကတိပျက်ကွက်ခဲ့ပါက မူလကရရှိထားသော စရံငွေပြန်ပေး စရာမလိုတော့ဘူးပေါ့။ သို့ပေမယ့်လည်း ရောင်းချသူအဖြစ်က ထီပေါက်ပြီး ထီလက်မှတ်ပျောက်သလို ၎င်း၏ ပါမစ်မူရင်း စာရွက်များကို ဝယ်သူက ပြန်မပေးပဲ နေ့ရွေ့ ညရွေ့လုပ်နေတော့ စိတ်ပူပင်သောကရောက်ရတော့သည်။
ထို့ကြောင့် အရောင်းအဝယ် တစ်ခုပြုရာတွင် ရောင်းသူ အနေနှင့် သတိထားရမည့်အချက်မှာလည်းရှိပါသည်။ ယခုကိစ္စကဲ့သို့ ရောင်းချထားသော ပစ္စည်းတန်ဖိုးငွေ အပြည့်အ၀ မရရှိဘဲ မိမိပိုင်ဆိုင်သော ရောင်းချသည့် ပစ္စည်းကိုသော်လည်းကောင်း၊ ယင်းနှင့် ဆက်စပ်ပတ်သက်သည့် စာချုပ်စာတမ်း မူရင်း ကိုသော်လည်းကောင်း ဝယ်သူဘက်သို့ ကြိုတင်ပေးခဲ့မိပါက ယခု ကဲ့သို့ ဆုံးရှုံးမှုများကို ရင်ဆိုင်ရမည်မှာ မလွဲမသေပင်ဖြစ်ကြောင်း စာဖတ်သူများသို့ သတင်းတစ်ပုဒ်အနေနှင့် မျှဝေပေးလိုက်ရပါ သည်။
Ref : Myanmar Property News
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ