၆။ မြို့မြေလို့ သတ်မှတ်ထားတဲ့ မြေတွေကို အစိုးရက ကော်လိပ်တော်မှတဆင့် အများပြည်သူသို့ မြေအသုံးချလိုတဲ့ ဋ္ဌာန/အဖွဲ့အစည်းများကို ချထားတဲ့အခါ အသုံးချမှုကိုမူတည်ပြီး အမျိုးအစား ခွဲခြားချထားပါတယ်။ လူနေထိုင်ရန်၊ အဆောက်အဦး ဆောက်လုပ်ရန်၊ စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်၊ သူဿန်မြေအဖြစ် အသုံးပြုရန်၊ သာသနာမြေ အသုံးပြုရန်၊ အများပြည်သူအကျိုးအတွက် ပန်းခြံ၊ အားကစားကွင်း၊ ဆေးရုံ၊ ကျောင်း၊ ကူးတို့ဆိပ်၊ ဈေး၊ တပ်မြို့ဆောင်ရွက်ရန် စသည်ဖြင့် ချထားပေးနိုင်ပါတယ်။ အရင်ကတော့ မြို့မြေအတွင်း လယ်ယာစိုက်ပျိုးရန်အတွက်ပါ ချထားပေးခဲ့ပေမယ့် နောက်ပိုင်း စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုက်စင်/ဂရန် မချပေးတော့ပါဘူး။ မြေကို ဘယ်လိုပုံစံနဲ့ ချထားသလဲဆိုတော့ အငှားပတ္တာ၊ ဂရန်၊ လိုင်စင် စတဲ့ နည်းလမ်းတွေနဲ့ ချထားပါတယ်။
Section 16: Land at the disposal of Government may be disposed of -
(a) By grant or lease, conferring such interests there in and on such condition as the Governor may be by rule prescribe;
(b) By license of the Revenue-officer.
(က) အပိုင်ဂရန် (Revenue free Grant)
အပိုင်ဂရန်ရဲ့ ခေါင်းစည်းကိုက Instrument of Grant for Religious/Public Purposes ဆိုတော့ သာသနာရေးကိစ္စတွေ၊ အများပြည်သူအကျိုးငှာ ဆောင်ရွက်မယ့်ကိစ္စတွေအတွက် ချထားပေးရမယ့် ဂရန်အမျိုးအစားဆိုတာ ရှင်းပြဖို့ မလိုတော့ပါဘူး။ လျှောက်ထားချပေးတဲ့ ကိစ္စရပ်အတွက် အသုံးပြုနေသမျှ ကာလပတ်လုံး မြေခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားတဲ့ ဂရန့်ဖြစ်ပါတယ်။ သက်တမ်း မရှိပါဘူး။ ဒါပေမယ့် ချထားပေးတဲ့ မြေတစ်ကွက်လုံး ဖြစ်စေ၊ မြေကွက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်စေ၊ ချထားပေးတဲ့ လုပ်ငန်းရပ်ကို အသုံးမပြုဘဲ အခြားကိစ္စရပ် ပြောင်းလဲ အသုံးချထားခဲ့ရင်တော့ တစ်ကွက်လုံးကို မြေခွန်ထိုက်သင့်စေရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မူရင်း ခွင့်ပြုထားတဲ့ ကိစ္စရပ်အတိုင်း မသုံးဘဲ အခြားကိစ္စကို ပြောင်းလဲ အသုံးပြုရင်ဖြစ်ဖြစ်၊ အသုံးပြုခွင့်ပေးထားတဲ့ မြေပေါ်က အဆောက်အဦ ကျောင်း ကန် ဇရပ်တွေက အသုံးမပြုနိုင်တော့လောက်အောင်ကို ပျက်စီးယိုယွင်းနေပြီး ပြင်ဆင်မှုမရှိ၊ လူသူကင်းမဲ့ ထိန်းသိမ်းစောင့်ရှောက်မှု မရှိတဲ့ အခြေအနေတိုင် ရောက်နေပြီဆိုရင်တော့ မြေပေါ်က အဆောက်အဦတွေရော၊ မြေကိုပါ အစိုးရက ပြန်သိမ်းနိုင်ပါတယ်။
ဂရန်ချထားတဲ့ ပုံစံက Land Revenue II / Grant ပုံစံ ဖြစ်ပါတယ်။
(ခ) နှစ်ရှည်အငှားဂရန် (Long Term Lease)
လျှောက်ထားသော မြေကွက်ပေါ်မှာ တာရှည်ခိုင်ခံ့တဲ့ တိုက်တာ၊ အိမ်၊ အဆောက်အဦများ အခိုင်အမာ ဆောက်လုပ်ထားခဲ့မယ်ဆိုရင် နှစ်ရှည်ဂရန် ချထားပေးရမှာဖြစ်ပါတယ်။ ဂရန်ပုံစံက သက်တမ်းကုန်ရင် အသစ်လဲလှယ်ပေးခွင့်ရှိတဲ့ ဂရန်နဲ့ အသစ်လဲလှယ်ပေးခွင့် မရှိတဲ့ ဂရန်အတွက် ပုံစံ ခွဲခြားပေးရပါတယ်။ ဂရန်သက်တမ်းက သာမန်အားဖြင့်တော့ တစ်ကြိမ်ခွင့်ပြုရင် နှစ်(၃၀)အထိ ဖြစ်ပါတယ်။ နှစ်(၃၀) ဂရန်ကို အနှစ်(၃၀)သက်တမ်း ကုန်ဆုံးတိုင်း အသစ်လဲလှယ်ပိုင်ခွင့်ရှိသော (With the power of Renewal up to Ninety Years)ဂရန်နဲ့၊ အနှစ်(၃၀)ပြည့်တာနဲ့ သက်တမ်းထပ်မံ၍ လဲလှယ်ခွင့်မရှိဘဲ သက်တမ်းကုန်ဆုံးသော (Without the power of Renewal)အသစ်လဲလှယ်ပိုင်ခွင့်မရှိသော ဂရန် ဆိုပြီး (၂)မျိုး ခွဲခြားပါတယ်။
အနှစ်(၃၀)သက်တမ်းကုန်ဆုံးတိုင်း (With the power of Renewal up to Ninety Years)အသစ်လဲလှယ်ပိုင်ခွင့်ရှိသော ဂရန် ဖြစ်ရင်တော့ အနှစ်(၉၀)တိုင်အောင် သုံးကြိမ်သုံးခါအထိ လဲလှယ်ပိုင်ခွင့် ရှိပါတယ်။ ယင်းဂရန်မျိုးဟာ နှစ်(၉၀)အထိ ပေးတယ်ဆိုပေမယ့်လည်း တောက်လျှောက်ပေးခြင်း မဟုတ်ဘဲ နှစ်(၃၀)စီ လီ၍ ပေးခြင်းသာ ဖြစ်ပါတယ်။ နှစ်(၃၀)သက်တမ်း ကုန်ဆုံးပါက အသစ်ထပ်မံ လျှောက်ထားရန်မလိုဘဲ တစ်ကြိမ်လျှင် နောက်ထပ် နှစ်(၃၀)စီ သက်တမ်းတိုးခွင့်ကိုသာ လျှောက်ရပါတယ်။
သက်တမ်းလာတိုးတာကို ငြင်းပယ်ခွင့် မရှိပါဘူး။ ဂရန်ချထားပေးတဲ့ ပုံစံက Land Revenue II / Lease I & I (a), Form of Lease of Town Land with the Power of Renewal up to Ninety Years ဖြစ်ပါတယ်။
အနှစ်(၃၀)သက်တမ်း ကုန်ဆုံးတာနဲ့ သက်တမ်း ထပ်မံ လဲလှယ်ခွင့်မရှိဘဲ ကုန်ဆုံးသွားတဲ့ (Without the Power of Renewal)အသစ်လဲလှယ်ပိုင်ခွင့် မရှိသော ဂရန် ဖြစ်ရင်တော့ သက်တမ်းကုန်ဆုံးတဲ့ နှစ်(၃၀)ပြည့်တိုင်း ဂရန်အသစ် ပြန်လျှောက်ရမှာ ဖြစ်ပါတယ်။ ဂရန်သက်တမ်းအသစ် လျှောက်ထားမှုကို မြေအငှားချပိုင်ခွင့်ရှိသူက ငြင်းချင်လည်း ငြင်းနိုင်၊ အသစ်ထပ်ပေးချင်မှလည်း ပေးနိုင်တဲ့ ဂရန် ဖြစ်ပါတယ်။ (အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ- ၇ အရ)
(ဂ) နှစ်တိုအငှားဂရန် (Lease of Short Term)
မြေပေါ်မှာ အတော်အသင့် တောင့်တက်းခိုင်မာမှုရှိပြီး သင့်လျော်တဲ့ သက်တမ်းပမာဏ နေထိုင် အသုံးပြုနိုင်မယ့် အဆောပ်အဦ ဆောက်လုပ်ထားခြင်း (သို့မဟုတ်) ယင်းမြေကွက်ဟာ ယခင်က လိုင်စင် (သို့မဟုတ်) ကျူးကျော်အဆင့်သာ သတ်မှတ်ထားခဲ့ရာက ယခုမှ ဂရန်စတင်ပေးရန် ကြံရွယ်ခြင်းဖြစ်ပါက နှစ်တိုဂရန်ပဲ ချထားပေးရန် ဖြစ်ပါတယ်။ ခွင့်ပြုကာလ (၁၀)နှစ်မှ (၁၅)နှစ်အတွက် ကာလတို ချထားနိုင်ပါတယ်။ ယင်းအငှားဂရန်မှာလည်း ဂရန်သက်တမ်း ကုန်ဆုံးတိုင်း အသစ်ပြန်လျှောက်ရမည့် ဂရန် (Without power of Renewal)ဂရန် အမျိုးအစား ဖြစ်ပါတယ်။ သက်တမ်းကုန်ရင် အသစ်ထပ်ပေးမယ်လို့ အာမ မခံပါဘူး။ အသုံးပြုရတဲ့ ပုံစံမှာ Land Revenue II / L.B Lease I & I (a); Form of Lease for Short Term without Power of Renewal under the Lower Burma Town and Village Lands Act ဖြစ်ပါတယ်။