By The Voice Weekly, Shweproperty.com
Updated at 13 July 2017
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲက ရောင်းချသည့် တန်ဖိုးနည်းအိမ်ရာများကို လာမည့်သီတင်းပတ်မှစတင်၍ ၁၀ နှစ်အရစ်ကျဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း အဆိုပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောကြားသည်။
၂၀၁၆ ခုနှစ်မှစ၍ တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၅၈၀ ကျော်ကို ဆောက်လုပ်ရေးနှင့် အိမ်ယာဖွံ့ဖြိုးရေးဘဏ် (CHDB) နှင့် ချိတ်ဆက်ကာ ရှစ်နှစ်အရစ်ကျငွေပေးချေစနစ်ဖြင့် နှစ်ကြိမ်ရောင်းချခဲ့ပြီးဖြစ်သည်။
လာမည့် သီတင်းပတ်မှစ၍ တန်ဖိုးနည်းအခန်းများကို ၁၀ နှစ်ထိအရစ်ကျစနစ်ဖြင့် ရောင်းချမည်ဟု ဦးဝင်းနိုင်က ဆိုသည်။
“စမ်းသပ်ပြီးအခန်းပေါင်း ၅၈၀ ကျော်ကို ရောင်းချလိုက်တာကတော့ ရှစ်နှစ်ချေးငွေစနစ်နဲ့ ရောင်းလိုက်တာ။ ဘဏ်ချေးငွေ ၇၀ ရာခိုင်နှုန်းကို ရှစ်နှစ် အရစ်ကျ။ ဒါကိုမွမ်းမံပြီး အခု ၁၀ နှစ် ပေးမယ်” ဟု ၎င်းက The Voiceသို့ ပြောကြားသည်။
လက်ရှိ၌ မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာတွင် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂၀၀၀ ခန့် ရောင်းချပေးရန် ရှိပြီး တိုက်ခန်းတန်ဖိုးမှာ ကျပ်သိန်း ၁၀၀ နီးပါးမှ ၁၃၅ သိန်းကျပ်အထိ ဖြစ်သည်။
တန်ဖိုးနည်းအိမ်ရာ အရစ်ကျဝယ်ယူရန် ဆောက်လုပ်ရေးနှင့် အိမ်ယာဖွံ့ဖြိုး ရေးဘဏ် (CHDB) တွင် ငွေစုထားရပြီး ဝယ်ယူမည့်တိုက်ခန်း၏ ကနဦးပေးသွင်း ငွေ ၃၀ ရာခိုင်နှုန်း ပြည့်မီသူများသည် တိုက်ခန်းဝယ်ယူခွင့် ရရှိမည်ဖြစ်သည်။
“လင်မယားနှစ်ယောက်လုံးရတဲ့ လစာကို အိမ်ဝယ်ဖို့ပဲ အဓိကထားစုတယ်။ ၂၀၁၅ ခုနှစ်လောက်ထဲက စစုခဲ့တယ်။ တစ်နှစ်ကျော်ပြီ။ သိန်း ၂၀ ကျော်တော့ ရှိနေပြီး သိန်း ၃၀ တော့ မပြည့်သေးဘူး” ဟု အသက် ၃၀ ဝန်းကျင်ရှိ ကုမ္ပဏီဝန်ထမ်း မသီသီအေးဇင် ပြောသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက လာမည့် ၂၀၁၈ ခုနှစ်အတွင်း ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာများကို ချေးငွေကာလ ၁၅ နှစ်ထိတိုးမြှင့်ရန် စီစဉ်လျက်ရှိသည်ဟု ဦးဝင်းနိုင်က ပြောကြားသည်။
ထို့ပြင် ကနဦးပေးငွေ ၃၀ ရာခိုင်နှုန်းကို ၂၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းနေသည်ဟု ၎င်းကဆိုသည်။
Ref : The Voice Weekly
Photo Credit : chd bank
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ