By 7daydaily, Shweproperty.com
Updated at 11 November 2015
ရန်ကုန်အိမ်ခြံမြေဈေး ကွက်သည် ၂၀၁၆ တွင် တည်ငြိမ်သောဈေးကွက် ဖြစ်ပေါ်လာပြီး ဈေးနှုန်းဖောင်းပွနေမှုများလည်း လျော့နည်းနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ကြိုတင်မှန်းဆနေကြသည်။
လက်ရှိတွင် အိမ်ခြံမြေဈေး ကွက်သည် ပုံသဏ္ဌာန် မမှန်ဘဲ ဈေးနှုန်းများ ဖောင်းပွနေပြီး အ ရောင်းအဝယ် အေးနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
ရွေးကောက်ပွဲအောင်မြင် စွာကျင်းပပြီးနောက် ၂၀၁၆ တွင် အစိုးရသစ်ကို နိုင်ငံရေးအာဏာ လွှဲပြောင်းပြီးနောက် အိမ်ခြံမြေ ဈေးနှုန်းများ ပြန်လည်ဦးမော့လာ ကာ အစိုးရသစ်က မြို့ပြစီမံကိန်း ကို ကောင်းမွန်စွာရေးဆွဲမှု စတင် လာပါက ဈေးနှုန်းပြန်လည် ကျ ဆင်းနိုင်ကြောင်း မြန်မာနိုင်ငံမှ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ် ခိုင်က ပြောသည်။
‘‘ဈေးနှုန်းက ပြန်အိဆင်း သွားမှာပဲ။ နေရာတိုင်းမှာတော့ ကျဆင်းလာပေမယ့် အများကြီး တော့ မကျနိုင်ဘူး’’ဟု မဏ္ဍိုင်အိမ် ခြံမြေအကျိုးဆောင် ဦးသန်းဦးက ပြောသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်သည် တရုတ်စီးပွားရေး သမားများနှင့် ပြည်တွင်းမှ ငွေ ကြေးခဝါချလိုသူအချို့၏ ကစား ကွက်ဖြစ်ခဲ့ခြင်းကြောင့် ၂၀၀၇ နောက်ပိုင်းမှ စတင်၍ ဈေးနှုန်း များစွာမြင့်တက်ခဲ့ရကြောင်း အိမ်ခြံမြေ အကျိုးဆောင် အချို့ကပြောသည်။ အိမ်ခြံမြေ ကဏ္ဍသည် ငွေ ကြေးခဝါချမှု တိုက်ဖျက်ရေး မ လုပ်ဆောင်မီထိ အရောင်းအဝယ် များပြီး ဈေးနှုန်းများ ဆက်လက် မြင့်တက်ခဲ့ကြောင်း ကျောက်တံ တားမြို့နယ်မှ အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးက ပြောသည်။
အိမ်ခြံမြေအထူးအခွန်သက် သာခွင့်ကို ယခင် စစ်အစိုးရက စတင်ပြီး လက်ရှိ အစိုးရ ဒုတိယ သက်တမ်းအထိ ငါးနှစ်ကြာခွင့် ပြုခဲ့ခြင်းကြောင့်ရန်ကုန်မြို့ရှိ ဖွံ့ဖြိုး မှု အားအကောင်းဆုံး စက်မှုဇုန်မှ မြေတစ်ကွက်၏ တန်ဖိုးသည် အာဆီယံနိုင်ငံများတွင် အမြင့်ဆုံး အထိ မြင့်တက်ခဲ့ကြောင်း လှိုင် သာယာ စက်မှုဇုန်မှ ပြည်တွင်း ထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
‘‘ဈေးတက်ရင် ရောင်းမယ်။ နိုင်ငံခြားသားတွေ ဝင်လာရင် ဒါ ကို မတည်ရင်းနှီးပြီး စီးပွားရေး လုပ်မယ်ဆိုတယ့် ရည်ရွယ်ချက် တွေနဲ့ ရင်းနှီးထားကြတာပါ’’ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။
စက်မှုဇုန်များတွင် မြေကွက် များကို လုပ်ငန်းမလုပ်ဘဲ ဝယ်ယူ သူများသည် အစိုးရအပြောင်းအ လဲကြောင့် ဝင်ရောက်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မျှော်ကိုးနေခြင်းကြောင့်ဟု အိမ်ခြံ မြေ အကျိုးဆောင်အချို့က ဆို သည်။ လက်ရှိအစိုးရလက်ထက် တွင် စက်မှုဇုန်များမှ လုပ်ငန်းမလုပ်သောမြေကွက်များကို ဒုတိယသမ္မတ ဦးဆောင်ပြီး ပြန်လည် သိမ်းယူရန် ၂၀၁၄ အောက်တိုဘာ က စတင်လုပ်ဆောင်ခဲ့သော်လည်း လက်ရှိ တစ်နှစ်ပြည့်ချိန်ထိ မြေကွက်များသည် မူလအတိုင်းသာရှိ နေသည်ကို တွေ့နေရသည်။ ရန် ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန် များတွင် မြေကွက်လွတ် ၂,၄၀၀ ခန့်နှင့် ဂိုဒေါင်လွတ် ၁,၂၉၉ လုံး ရှိနေသည်။ ယင်းတို့ကို လုပ်ငန်း မလုပ်ဘဲ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဝယ်ယူထားပြီး လုပ်ငန်းမလုပ်သ ဖြင့် စက်ရုံကို တစ်နှစ်အတွင်း တည်ဆောက်ကာ လုပ်ငန်းလုပ် ကိုင်ခြင်းမရှိပါက အစိုးရက မူလ ဝယ်ယူသည့် တန်ဖိုးအတိုင်းသာ ပေးပြီး ပြန်လည်သိမ်းယူရန် စီစဉ် ခဲ့ခြင်းဖြစ်သည်။
သို့သော် စက်မှုဇုန်များတွင် မြေကွက်များဝယ်ယူ ရင်းနှီးမြှုပ်နှံ ထားသူ အများစုသည် ယခင်အစိုးရနှင့် နီးစပ်သူများဖြစ်သော ကြောင့် လုပ်ငန်းမလုပ်နိုင်လျှင် ပြန်သိမ်းမည့်အစီအစဉ်ကို တစ် နှစ်ကြာအထိ လက်ရှိအစိုးရက မလုပ်နိုင်ခြင်းဟု အရှေ့ဒဂုံ စက်မှုဇုန်မှ ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ် ဦးက ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် လက်ရှိ အစိုးရ လက်ထက်တွင် တည် ဆောက်ရန် စီစဉ်သည့် ဟံသာ၀ တီလေဆိပ်စီမံကိန်း၊ ရန်ကုန်-ဒလ တံတားစီမံကိန်း၊ ရန်ကုန်မြို့ သစ်စီမံကိန်းတို့ကြောင့် ဈေးနှုန်း များစွာ မြင့်တက်ခဲ့သည်။ ပြည် တွင်းမှ ငွေကြေးအင်အားတောင့် တင်းသူများသာမက တရုတ်နိုင်ငံ မှ စီးပွားရေးသမားများ၊ တရားမ ဝင်ရင်းနှီးမြှုပ်နှံသူများ၏ ဈေးက စားမှုကြောင့်လည်း ဈေးနှုန်းများ စွာ မြင့်တက်ခဲ့ရသည်။
ပြည်တွင်း အိမ်ခြံမြေ ဈေး ကွက်တွင် တရုတ်စီးပွားရေးသ မားများ တိုင်းရင်းသား အမည်ခံ ကာ မြေဈေးကစားမှုသည် ၂၀၀၇ အိမ်ခြံမြေ အခွန်အထူးသက်သာ ခွင့်ပြုပြီး နောက်ပိုင်း စတင်ခဲ့ ကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ဝေဖန်ပြောကြားမှုများရှိနေသည်။
ဝင်ငွေရလမ်း မဖော်ပြနိုင် သော်လည်း အခွန်သက်သာစွာ ဖြင့် တရားဝင်ဝယ်ယူနိုင်၍ နယ် စပ်မှတစ်ဆင့် ငွေလွှဲပြီး တိုင်းရင်း သားအမည်ခံ၍ ဝယ်ယူမှုများစွာ ရှိနေကြောင်း စီးပွားရေးလုပ်ငန်း ရှင်များက ပြောသည်။
လက်ရှိအစိုးရ စတင်တာဝန်ယူပြီး တစ်နှစ်ကျော်ကြာမြင့်ချိန်မှစ၍ အိမ်ခြံမြေဈေးနှုန်းမြင့်မားနေမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခက်အခဲဖြစ်ရခြင်းကို ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း မ အောင်မြင်ခဲ့ပေ။
၂၀၁၆တွင် နိုင်ငံတော်တာဝန်ယူမည့် အစိုးရသစ် အနေဖြင့် ယင်းပြဿနာကို ဖြေရှင်းရန် ခိုင် မာသည့် မူဝါဒ လိုနေကြောင်းစီးပွားရေးသမားအချို့က ပြောကြားသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ