By နန်းမြင့်, Shweproperty.com
Updated at 12 August 2013
ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အဦ ဆောက်လုပ်ရန်အတွက် စီစစ်နေဆဲ အဆောက်အဦ ၂၇ လုံး ရှိနေသည် ဟု အထပ်မြင့် အဆောက်အဦ ဆောက်လုပ်မှုဆိုင်ရာ စံချိန်စံညွန်းများ စစ်ဆေးရေးကော်မတီမှ အတွင်းရေးမှူး ဦးရီဝင်းက သြဂုတ်လ ဒုတိယအပတ်အတွင်းက ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ညှိနှိုင်းဆောင်ရွက်ရေးဌာနတွင် ပြောသည်။
အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်ရန် ယင်းကော်မတီက စီစစ်ပေးနေရာ စီစစ်ဆဲအဆင့်တွင် ၂၇ လုံး ရှိနေပြီး စံချိန်စံညွှန်းများ မပြည့်မီ၍ ဆောက်လုပ်ခွင့်မပြုသည့် အဆောက်အဦရှစ်လုံး ရှိနေသည်ဟု သိရသည်။
ယင်းအဆောက်အဦ ၂၇ လုံးကို စီစစ်နေပြီး လိုအပ်သည့်အချက်များကို ဆောက်လုပ်သူများသို့ ပြန်လည် ပြောဆိုခဲ့ပြီး အဆောက်အဦများမှာ ၁၀ ထပ်မှ အထပ် ၃၀ ကျော်အထိရှိသည့် အထပ်မြင့်အဆောက်အဦများ ဖြစ်သည်။
အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် လိုက်နာရမည့် အချက်များမှာ အမြင့်ပေ ကိုက်ညီမှု၊ စည်းကမ်းချက်များ လိုက်နာမှု၊ ကားပါကင် လိုက်နာမှု၊ ဘေးအိမ် ထောက်ခံချက်နှင့် အထွေထွေတို့ ဖြစ်သည်။
ညှိနှိုင်းဆောင်ရွက်ရေးဌာနမှ လက်ထောက်ဌာနမှူး ဦးစိုးလွင်က “ဒီမိုကရေစီအစိုးရ တက်လာတဲ့အချိန်မှာ နိုင်ငံခြားရင်းနှီမြုပ်နှံမှုတွေ ဝင်လာတဲ့အချိန်မှာ အထပ်မြင့်အဆောက်အဦတွေ ဆောက်လာကြတဲ့အတွက် အထပ်မြင့်အဖွဲ့ ပေါ်လာပြီး စိစစ်တာ” ဟု ပြောသည်။
ယခင်က ရန်ကုန်မြို့တွင် အဆောက်အဦအမြင့်ကို ရှစ်ထပ်ထိသာ ဆောက်လုပ်ရန်ခွင့်ပြုနိုင်ခဲ့ပြီး ရှစ်ထပ် ထက် ပိုမြင့်မည်ဆိုပါက အထပ်မြင့်အဆောက်အဦများ စစ်ဆေးရေးအဖွဲ့မှ ပညာရှင်များထံတင်ပြပြီး ၎င်းတို့ ခွင့်ပြုချက်ဖြင့် ခွင့်ပြုခဲ့သည်။
အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် စီစစ်နိုင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အထပ်မြင့်အဆောက်အဦ ဆောက်လုပ်မှုဆိုင်ရာ စံချိန်စံညွန်းများ စစ်ဆေးရေးကော်မတီကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့သည်။
အဆိုပါကော်မတီတွင် ြမို့ပြနှင့် မြေယာစီမံခန့်ခွဲမှုဌာန၊ အိမ်ရာနှင့် အဆောက်အအုံဌာန၊ ရေနှင့်သန့်ရှင်းမှုဌာန၊ စစ်ဆေးရေးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ပါဝင်ကြောင်း သိရသည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ