By EMG, Shweproperty.com
Updated at 24 July 2013
ရန်ကုန်မြို့တွင် ဒုတိယမြောက် အဆင့်မြှင့်တင်မည့် ရွှေဂုံအိမ်ရာ စီမံကိန်း တည်ဆောက်မှုအတွက် ကုမ္ပဏီနှစ်ခုကို အပြီးသတ် ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
"လင့်လမ်းနဲ့ ဓမ္မစေတီလမ်းထောင့်က ရွှေဂုံအိမ်ရာစခန်း အဆင့်မြှင့်ဖို့အတွက် လုပ်ကိုင်ခွင့်ရမယ့် ကုမ္ပဏီနှစ်ခုကို အပြီးသတ် ရွေးချယ်ပြီးပါပြီ။ ဇူလိုင် ၂၃ ရက်ကလည်း ရွှေဂုံအိမ်ရာမှာ လက်ရှိနေထိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မကြာခင်မှာ လုပ်ငန်းတွေ စတင်တော့မှာ ဖြစ်ပါတယ်" ဟုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရွှေဂုံအိမ်ရာစခန်းအား အထပ်မြင့်အဖြစ် အဆင့်မြှင့် တည်ဆောက်မည် ဖြစ်သော်လည်း ရွှေတိဂုံစေတီတော် အနီးဝန်းကျင် ဖြစ်သောကြောင့် အမြင့် ၆၂ ပေ၊ ၆ ထပ်ထက်ပို၍ တည်ဆောက်ခွင့် မပြုကြောင်းနှင့် အဆိုပါ အိမ်ရာစခန်း အဆင့်မြှင့်တင်မှုအတွက် မြန်မာစေတနာ ဆောက်လုပ်ရေးနှင့် ထိုက်စင်ဆောက်လုပ်ရေး ကုမ္ပဏီတို့မှ လုပ်ကိုင်ခွင့် ရရှိသွားပြီ ဖြစ်ကြောင်းလည်း သိရသည်။
"ရွှေဂုံအိမ်ရာ စခန်းနေရာက ရွှေတိဂုံဘုရားနဲ့လည်း နီးတယ်။ အများအားဖြင့် ယာဉ်ကြောရှုပ်တယ်။ ဒါကြောင့် အိမ်ရာစီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရမယ့် ကုမ္ပဏီကို ရွေးချယ်ရာမှာ အဓိကက မြို့ပြ guide lines တွေ ကိုက်ညီမှုရှိတာ၊ ဗိသုကာဒီဇိုင်းနဲ့ ယာဉ်ကြောရှုပ်တဲ့ နေရာမှာ ယာဉ်ကြောပိတ်ဆို့မှုကို သက်သာစေမယ့် အချက်တွေကို ဦးစားပေးရေးဆွဲထားတဲ့ ကုမ္ပဏီတွေကို ရွေးချယ်ခဲ့တာပါ" ဟုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အလားတူ ဗိုလ်တထောင်မြို့နယ်ရှိ ပြည်တော်သာခေတ် အိမ်ရာစီမံကိန်း တစ်ခုဖြစ်သည့် ၅၁ လမ်း အိမ်ရာစီမံကိန်းကိုလည်း ၁၂ ထပ်ရှိ အထပ်မြင့် အဆောက်အအုံအဖြစ် အဆင့်မြှင့်တင်မှုများကို ပြုလုပ်ရန်အတွက် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများဖြစ်သည့် မဟာနဝရတ်မြေ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်နှင့် AM (အောင်မြင်ပြည့်စုံ)ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့မှ အိမ်ရာအတွင်း နေထိုင်သူများကို ပြောင်းရွှေ့မှုများ ပြုလုပ်လျက်ရှိပြီး မကြာမီ စတင်တည်ဆောက်တော့မည် ဖြစ်ကြောင်းလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ လမ်း (၅၀)နှင့် (၅၁)လမ်းကြား၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလလမ်းကြားရှိ (၅၁) လမ်း ပြည်သူ့အိမ်ရာသည် ၁၉၅၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ကြောင်း၊ မြေ ၂ ဒသမ ၄၈၆ ဧက ကျယ်ဝန်းပြီး ရှစ်ခန်းတွဲ လေးထပ်တိုက် ခုနစ်လုံး၊ အိမ်ခန်းစုစုပေါင်း ၂၂၄ ခန်း ပါဝင်ကြောင်း၊ အဆိုပါ အိမ်ခန်းများမှာ ယခင်က ၄၁၆ စတုရန်းပေ အကျယ်အဝန်းသာရှိပြီး ယခုအသစ် ပြန်လည်တည်ဆောက်ရာ၌ စတုရန်းပေ ၆၀၀ အထိ တိုးချဲ့ထားကြောင်းလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ