By Myanmar Times, Shweproperty.com
Updated at 13 June 2017
တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင်တည်ဆောက်ပေးမည့် ဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာများကို ကျပ်သိန်း ၉ဝ မှ စတင်ရောင်းချပေးရန် တင်ပြထားကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း (MCEAတွဲဖက်အတွင်းရေးမှူး(၁) ဦးအေးလွင်က ပြောဆိုသည်။ အငြိမ်းစားဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာများကို အရစ် ကျစနစ်ဖြင့် ရောင်းချရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကဦးဆောင်ပြီး စစ်တမ်း ကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
''အခန်းတန်ဖိုးကို အကြမ်းဖျင်းသုံးမျိုးလောက်တော့ အသင်းကတင်ထားတယ်။ သူတို့ လိုအပ်ချက်အရ အခန်းကျဉ်းတာလည်းဖြစ်နိုင်တယ်။ ကျယ်တာလည်းဖြစ်နိုင်တယ်။ ဒီဇိုင်း ထဲကရွေးမှာပေါ့။ စတုရန်းပေ ၄၅ဝ ကနေ ၆၅ဝ အထိတင်ထားပါတယ်။ အဆိုပြုလွှာ တင် ထားတုန်းပဲ။ ဒီနှုန်းနဲ့ဆောက်ပေးပါလို့တော့ မပြောသေးဘူး''ဟု ၎င်းက ပြောဆိုသည်။
အငြိမ်းစားဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာကို တစ်ပေပတ်လည် ကျပ် ၂ဝ,ဝဝဝ နှုန်းခန့်ဖြင့် တည်ဆောက်ပေးရန် အဆိုပြုလွှာတင်ထားခြင်းဖြစ်ပြီး အခန်းအကျယ်အနေဖြင့် သုံးမျိုးခန့်တည်ဆောက်ပေးမည်ဖြစ်ကာ အနည်းဆုံး ၄၅ဝ စတုရန်းပေမှ အများဆုံး ၆၅ဝ စတုရန်းပေခန့်အထိ ပါဝင်ကြောင်း သိရသည်။ အဆိုပါနှုန်းထားအတိုင်း တွက်ချက်ပါက အခန်းတန်ဖိုးကျပ်သိန်း ၉ဝ နှင့် ကျပ်သိန်း ၁၃ဝ ခန့်ဖြင့် ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၇ ခုနှစ် ဧပြီ ၁ ရက်မှ ၂ဝ၂ဝ ပြည့်နှစ် မတ်လကုန်အထိ သုံးနှစ်အတွင်းပင်စင်ယူမည့် အစိုးရဝန်ထမ်းစာရင်းများကို ကောက်ယူထား ကာ တန်ဖိုးနည်းအိမ်ရာ ရောင်းချပေးမည်ဖြစ် ပြီး၂ဝ၁၇ ခုနှစ် မတ် ၃၁ ရက်မတိုင်မီက ပင်စင်ယူထားသည့် အစိုးရဝန်ထမ်းများ မပါဝင်သေး ကြောင်း သိရသည်။ ဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာ အကောင်အထည်ဖော်ရန်အတွက် အစိုးရဘက်မှ မြေနေရာ ရှာပေးပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက တာဝန်ယူ တည် ဆောက်မည်ဖြစ်ကာ ကုန်ကျစရိတ်များကို ဘဏ်ချေးငွေ ရယူရန် ပြည်တွင်းဘဏ်လုပ်ငန်းရှင် များနှင့် ဆွေးနွေးမှုများပြု လုပ်လျက်ရှိသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုနှင့်တစ်ခု မတူညီသကဲ့သို့ အချို့နယ်များ၌ ဝန်ထမ်း များအတွက် အိမ်ရာမလိုအပ်မှုမျိုးများ ရှိနေခြင်းကြောင့် တည်ဆောက်မည့်အရေအတွက်ကို စာရင်းကောက်ယူလျက်ရှိသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်အငြိမ်းစား ယူသည့် ဝန်ထမ်း တစ်သောင်းခွဲဝန်းကျင်ရှိပြီး ၎င်းတို့ နေထိုင်ရန် နှစ်စဉ် အိမ်ခန်း၊ တိုက်ခန်းတစ်သောင်းခွဲခန့် ပုံမှန်ဆောက်လုပ်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
Ref : Myanmar Times
Photo Credit : Global New Light Of Myanmar
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ