By ီDaily Eleven, Shweproperty.com
Updated at 14 November 2014
ကြိုပွိုင့်စနစ်ဖြင့် အခန်းများ ရောင်းချထားခဲ့ပြီးဖြစ်သော သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက်ရှိ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည့် ကန်ထရိုက်တိုက်တစ်လုံးအား ပြန်လည်ဖြိုဖျက်နေကြောင်း သတင်းရရှိသည်။
အဆိုပါကန်ထရိုက်တိုက်မှာ ဆ/က ရပ်ကွက် ခိုင်သဇင်လမ်းရှိ အမှတ်(၈၆) တွင်စည်ပင်လိုင်စင်မရှိသော လိုင်စင်မဲ့ကန်ထရိုက် ဦးကျော်မြင့်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လေးထပ်ခွဲဖြစ်ပြီး အဆောက်အအုံ ဆောက်လုပ်မှု အကြမ်းထည်ပြီးစီးချိန်တွင် ပြန်လည်ဖြိုဖျက်စေခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါကန်ထရိုက်အား မြေရှင်ဦးစိုးမြင့်နှင့် ကန်ထရိုက်တို့ အခန်းပေး အခန်းယူစနစ်ဖြင့် လွန်ခဲ့သော သုံးနှစ်ကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မြေရှင်က စုစုပေါင်းသုံးခန်းကို ခွဲတန်းရရှိကြောင်းနှင့် ကန်ထရိုက်က ၎င်းရှိသည့်အခန်းများကို ကြိုပွိုင့်စနစ်ဖြင့်ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။
"ကန်ထရိုက်က ဦးနဲ့အပေါင်းအသင်းဆိုပြီး ယုံလိုက်မိတာပါ။ ဒီလိုခွင့်ပြုချက်မဲ့ ဆောက်မယ်လို့လဲ မထင်ခဲ့မိဘူး။ ဦးကမြေရှင်၊ တိုက်လည်း မဆောက်နိုင်တော့ ကန်ထရိုက်ပေးလိုက်ရင် အခန်းလေးနည်းနည်းပါးပါးရတော့ ပိုက်ဆံအပိုလေးထွက်မယ်ဆိုပြီး မျှော်လင့်ခဲ့ရတာ။ အခုတော့ ခံလိုက်ရပါပြီ။ တော်တော်နစ်နာပါတယ် ကန်ထရိုက်က ဆက်သွယ်လို့မရတော့ပါဘူး။ သူခွဲတမ်းရတဲ့ အခန်းတွေကိုလည်း တစ်ခန်းကို သိန်း ၁၀၀ ဝန်းကျင်နဲ့ ကြိုပွိုင့်ရောင်းပြီးပါပြီ"ဟု အဆိုပါ တိုက်၏မြေရှင်ဦးစိုးမြင့်က ပြောပါသည်။
ယင်းကန်ထရိုက်တိုက်အား ပြန်လည်ဖြိုဖျက်သည့်စရိတ်ကိုလည်း အိမ်ရှင်ကသာကုန်ကျခံနေရပြီး အဆောက်အအုံတစ်လုံးလုံးပြန်လည်ဖြိုဖျက်ခ ကျပ်သိန်း၃၀ ကျော် ကျသင့်မည်ဖြစ်ကြောင်း၊ မြေရှင်အနေဖြင့် လက်ရှိခွင့်ပြုချက်မဲ့ ဆောက်လုပ်သည့်အတွက် တရားစွဲဆိုမှုကိုပါ ခံနေရပြီး တစ်ရက်လျှင်ဒဏ်ကြေးငွေကျပ် ၁၂၀၀၀ ပေးဆောင်နေရကြောင့်နှင့် အဆောက်အအုံဖြိုဖျက်ပြီးစီးသည့်အချိန်၊ ဒဏ်ကြေးလည်း အကြေပေးဆောင်ပြီးမှသာ တရားစွဲရုပ်သိမ်းပေးမည်ဖြစ်ပြီး ဒဏ်ကြေးများပြားသောကြောင့် အသနားခံစာ တင်သွားမည်ဟု ဦးစိုးမြင့်က ပြောကြားသည်။
အလားတူ ကြိုပွိုင့်ဖြင့် ရောင်းချမှုကို ဝယ်ယူခဲ့သူများကလည်း နစ်နာမှုများကို ကန်ထရိုက်ဖြင့်သာ ညှိနှိုင်းရန်ပြောကြားထားသည်ဟု ဦးစိုးမြင့်က ပြောကြားသည်။
"လိုင်စင်မဲ့ ကန်ထရိုက်က ခွင့်ပြုချက်မဲ့ အဆောက်အအုံဆောက်တဲ့အတွက် လုပ်စရာရှိတဲ့အပိုင်းတွေကို ဆက်လုပ်သွားမှာပါ။ နစ်နာမှုအပိုင်းတွေကိုတော့ ကန်ထရိုက်နဲ့ပဲ ညှိနှိုင်းကြရမှာ။ ဌာနအနေနဲ့ကတော့ ဘာမှဝင်လုပ်ပေးလို့ မရနိုင်ဘူး။ အဓိက, ကတော့ ကန်ထရိုက်တွေရဲ့စည်းရုံးမှုကိုအလွယ်တကူ မယုံကြဖို့ပါ။ ပြီးတော့ ဆောက်မဲ့ကန်ထရိုက် လိုင်စင်မဲ့လား၊ ခွင့်ပြုချက်မဲ့လားဆိုတာ သက်ဆိုင်ရာမြို့နယ်စည်ပင်ရုံးတွေမှာ လာစုံစမ်းလို့ရတယ်"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့်အောက်တိုဘာ ၂၈ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်က ခွင့်ပြုချက်မဲ့ဆောက်လုပ်ခဲ့သည့် ငါးထပ်ကန်ထရိုက်တိုက်တစ်လုံးအား သုံးထပ်မြောက်အထိ ဆောက်လုပ်ပြီးစီးချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြန်လည် ဖျက်သိမ်းခဲ့ပြီး ဆောက်လုပ်ခဲ့သည့် ကန်ထရိုက်မှာ လိုင်စင်မဲ့ကန်ထရိုက်ဖြစ်ကာ မြေရှင်မှာ များစွာနစ်နာခဲ့ရကြောင်းနှင့် ယင်းသို့မဖြစ်ပေါ်စေရန်အတွက် သက်ဆိုင်ရာက စစ်ဆေးကြပ်မတ်မှုများကို ပိုမိုလုပ်ဆောင်သင့်ကြောင်း သုံးသပ်နေကြသည်။
Ref : Daily Eleven
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ