By Myanmar Builders Guide, Shweproperty.com
Updated at 9 January 2019
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သာယာကုန်းစခန်းကြီး ကျေးရွာအုပ်စု၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ဝဲ/ယာ မိုင်တိုင်အမှတ် (၃/၀) နှင့် (၅/၄) ကြားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Alliance Star Group of Companies တို့အကျိုးတူဆောင်ရွက်မည့် Eco Green City စီမံကိန်းမှာ စီးပွားရေးမြို့တော် ရန်ကုန်မြို့အဝင်တွင်ရှိနေ၍ အမြန်ဆုံးအကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဇော်ဟန်က ဇန်နဝါရီလ ၆ ရက်တွင် ပြောကြားလိုက်သည်။
Eco Green City စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွင်ရန်လည်း စီမံကိန်းဧရိယာအတွင်း ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို အပိုင်း (၃) ပိုင်း ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းမျှော်မှန်းချက်အနေဖြင့် JICA မှ ရေးဆွဲခဲ့သည့် Yangon Vision (2040) တွင် ပါဝင်သည့် အနာဂတ်မြို့သစ်စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန်၊ ဝင်ငွေနည်းပြည်သူများအတွက် လိုအပ်သည့် အငှားအိမ်ရာများ၊ တန်ဖိုးနည်းအိမ်ရာများ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရှိ၍ လူမှုဘဝမြင့်မားလာစေရန် မျှော်မှန်းချက်ထား၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလဲ သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယင်းနှင့် ပုဂ္ဂလိကကုမ္ပဏီများ အကျိုးတူပူးပေါင်းဆောင်ရွက်နေသော စီမံကိန်းကြီးလေးခုရှိသည့်အနက် Eco Green City စီမံကိန်းကို အပြီးသတ်စာချုပ်များ ချုပ်ဆိုကာ အမြန်ဆုံးလုပ်ဆောင်နိုင်ရန်လည်း စီစဉ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
Eco Green City စီမံကိန်းသည် မြေဧရိယာ ၁၄၅၃ ဧက အကျယ်အဝန်းရှိသည့်အနက် အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်း၊ ရေမြောင်း၊ လျှပ်စစ်နှင့် ကျောင်း စသည်တို့အတွက် မြေဧရိယာ ၄၄၇ ဧကခန့်ကို အသုံးပြုမည်ဖြစ်ပြီး ကျန်ရှိသော မြေဧရိယာ ၁၀၀၆ ဧကခန့်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀ ရာခိုင်နှုန်းနှင့် ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း အချိုးကျခွဲဝေယူရမည်ဖြစ်ကြောင်းလည်း အဆိုပါဝန်ကြီးဌာနက သိရသည်။
စီမံကိန်းကို အဆင့်နှစ်ဆင့်သတ်မှတ်ဆောင်ရွက်၍ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့်အသုံးပြုကာ အချိန်ကာလမှာ ၁၀ နှစ်ကြာမည်ဖြစ်ကြောင်း၊ လူနေအိမ်ရာများ၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ေရးဆိုင်ရာအဆောက်အအုံများ၊ ဟိုတယ်နှင့် ဂေါက်ကွင်း စသည်တို့ကိုလည်း ထည့်သွင်းဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မူဝါဒနှင့် စီမံကိန်းဌာန၏မှတ်တမ်းများအရ စီမံကိန်းဧရိယာတစ်ခုလုံးကို ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများဆောင်ရွက်ကာ Master Plan ညှိနှိုင်းရေးဆွဲရာ နိုင်ငံတော်က ရသင့်ရထိုက်သောအကျိုးအမြတ် ခွဲဝေမှုများရရှိအောင် အသေးစိတ်တွက်ချက်မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
Eco Green City စီမံကိန်းနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့အကြားက စာချုပ်မူကြမ်းကို ရှေ့နေချုပ်ရုံးသို့တင်ပြပြီးပါက MIC သို့ ဆက်လက်တင်ပြမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း လုပ်ငန်းစတင်ရန် စီစဉ်ထားကြောင်းလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ