By Sint Sint, Shweproperty.com
Updated at 20 January 2021
နိုင်ငံပိုင်မြေဟုဆိုရာဝယ် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ (Land at the Disposal of Government) ဟူ၍ သတ်မှတ်လို့ မရပါဘူး။ သဘောသဘာဝချင်း ကွာခြားပုံကို စာဖတ်သူများ သိရှိစေရန် ဝေမျှ ပေးသွားပါမည်။အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေအရ နိုင်ငံပိုင်မြေ ဟူသည်ကို အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်။ “၄။ (၁) နိုင်ငံပိုင်မြေ ဆိုသည်မှာ အစိုးရကဖြစ်စေ၊ အစိုးရ၏ ကိုယ်စားဖြစ်စေ အခွန်လွတ် အပိုင် ပေးအပ်ခြင်း မရှိသည့်၊ ယင်းသို့ ပေးအပ်ကြောင်း အသိအမှတ်မပြုသည့် သို့မဟုတ် ဆက်လက်ပေးအပ်ခြင်း မရှိသည့် မြေများကို ဆိုလိုသည်။” နိုင်ငံပိုင်မြေများမှ လူနေထိုင်ရန် ဖြစ်စေ၊ အဆောက်အအုံ ဆောက်လုပ်ရန်ဖြစ်စေ၊ စက်မှုလုပ်ငန်း လုပ်ကိုင် ရန်ဖြစ်စေ မည်သည့်မြေများကို ဂရန်ပေးအပ်ချထားရမည်ကို အက်ဥပဒေ၏ ပုဒ်မ ၄၊ ပုဒ်မခွဲ (၂) တွင် အောက်ပါအတိုင်း ပြဌာန်းထားပါသည်။ “၄။ (၂) အစိုးရက စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေ ဆိုသည်မှာ- (က) မည်သူမျှ လက်၀ယ်ထားပိုင်ခွင့်အခွင့်အရေး မရရှိသေးသောမြေ၊ (ခ) အစိုးရကဖြစ်စေ၊ အစိုးရ၏ ကိုယ်စားဖြစ်စေ အပိုင်၊ သို့မဟုတ် အငှား ပေးအပ်ချထားခြင်းမှ ပေါ်ပေါက် သော အခွင့်အရေး တစ်စုံတစ်ရာကို မည်သူမျှ ရရှိထားခြင်း မရှိသေးသော မြေတို့ကို ဆိုလိုသည်။” ဆိုလိုသည်မှာ ဤအက်ဥပဒေအရ တစ်စုံတစ်ဦးကိုမျှ အသုံးပြုရန် အခွင့်အရေး မပေးရသေးသည့် မြေများ ကိုသာ သူတစ်ဦးတစ်ယောက်သို့ ပေးအပ်ချထားနိုင်ခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ အစိုးရက စီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေများကို ပေးအပ်ချထားခြင်း အတွက် အက်ဥပဒေ၏ ပုဒ်မ ၁၆ တွင်- “၁၆။ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကို- (က) နိုင်ငံတော်သမ္မတက ထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ စည်းကမ်း သတ်မှတ်ချက်များဖြင့် အဆိုပါ မြေကို အကျိုးခံစားခွင့်များ လွဲအပ်သည့် အပိုင်ပေးအပ် ချထားမှုအရဖြစ်စေ၊ အငှားပေးအပ်ချ ထားမှုအရဖြစ်စေ၊ (ခ) အခွန်တော်အရာရှိက ခွင့်ပြုထုတ်ပေးသော လိုင်စင်အရ ဖြစ်စေ၊ ပေးအပ်ချထားခွင့်ရှိသည်။” ထို့ပြင် အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ၏ ပုဒ်မ ၂ တွင် “၂။ ဤအက်ဥပဒေပါ ပြဌာန်းချက် များသည် မြို့ နှင့် ကျေးရွာရှိ မြေများနှင့်သာ သက်ဆိုင်စေရမည်။” ထိုပြဌာန်းချက်အရ မြို့နှင့်ကျေးရွာများအတွင်းရှိမြေများကို ဂရန်လျှောက်ထား ဆောင်ရွက်ရေးအတွက်သာ ထိုအက်ဥပဒေနှင့် သက်ဆိုင်သည်ကို တွေ့ရမှာ ဖြစ်ပါတယ်။ မြို့ နယ်နိမိတ်၊ ကျေးရွာ နယ်နိမိတ်ပြင်ပ မြေ များအား ဂရန်ချထားပေးဖို့ ပါဝင်ခြင်းမရှိပါ။ အခုချိန်တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို စိုက်ပျိုးရေးတွင်မက အခြားနည်းလမ်း (အိမ်ရာဆောက်ခြင်း၊ဆိုင်ခန်းဆောက်၊ ဟိုတယ်လုပ်ငန်း) သုံးရန် ကာလအပိုင်းအခြားနဲ့ ခွင့်ပြုပေးခြင်းကို မြေလုပ်ပိုင်ကိုင်ခွင့်ရသူက တိုက်ရိုက် ဂရန် လျောက်ထားရာတွင် သက်ဆိုင်ရာက ဂရန်ထုတ်ပေး ခွင့်ပြုတာမျိုးကို ဆိုလိုခြင်းဖြစ်ပါသည်။ ဒီဥပဒေအရ အသုံးပြုခွင့်ရ မြေကို မြေငှားဂရန် ထုတ်ပေးလို့ မရနိုင်သေးတဲ့ အခြေအနေတွေ၊ ဥပဒေအရ မရှင်းလင်းတာတွေ၊ ဥပဒေနှစ်ခု သဟဇာတ မဖြစ်သေးတာတွေ ရှိနေပါသည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေအရ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ချထားပေးရာမှာ ဗဟိုကော်မတီသည် နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို- (က) စိုက်ပျိုးရေးလုပ်ငန်း၊ (ခ) မွေးမြူရေးလုပ်ငန်း၊ (ဂ) ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်း၊ (ဃ) အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြား လုပ်ငန်းများလို့ ပါဝင်ပါတယ်။ မြေလွတ်မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ (၁၀)မှာ- (ဃ) အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများတွင် ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းခွင့်ပြုနိုင်သည်။ ပုဒ်မ (၁၆) မှာ- (ဂ) ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် ခွဲစိတ်ခြင်းမပြုရ ဟူ၍လည်းပါရှိပါသည်။ ပုဒ်မ ၁၉ မှာ ဗဟိုကော်မတီသည် အောက်ပါ အခြေအနေ တစ်ရပ်ရပ် ပေါ်ပေါက်ပါက ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအနက်မှ လိုအပ်မည့် အနည်းဆုံး မြေဧရိယာကို ပြန်လည်ရယူပိုင်ခွင့်ရှိသည်- (က) ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ တွေ့ရှိခြင်း၊ (ခ) နိုင်ငံတော်အကျိုးငှာ အခြေခံအဆောက်အအုံ စီမံကိန်းလုပ်ငန်း သို့မဟုတ် အထူးစီမံကိန်းလုပ်ငန်း ဆောင်ရွက်ရန် လိုအပ်ခြင်း၊ (ဂ) ဓာတ်သတ္တုထုတ်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများတွင် ခွင့်ပြုထားသော သတ္တုအမျိုးအစားမှ အပ အခြားသယံဇာတ ပစ္စည်း တွေ့ရှိခြင်း၊ (ဃ) ပုဒ်မ ၄၊ ပုဒ်မခွဲ(က)၊ (ခ)နှင့် (ဃ)တို့ပါ လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် သယံဇာတ ပစ္စည်းတွေ့ရှိခြင်း။ ပုဒ်မ ၂၀ မှာ ဗဟိုကော်မတီသည် ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပုဒ်မ ၁၉ အရ ပြန် လည်ရယူခြင်းအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူက အမှန်တကယ် ရင်းနှီးမြှုပ်နှံထားသည့် ကုန်ကျ စရိတ်ငွေများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကာလတန်ဖိုးတွက်ချက်၍ သင့်လျော် သည့် သတ်မှတ်ကာလအတွင်း လျော်ကြေးရရှိစေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ နှင့်ညှိနှိုင်း ဆောင်ရွက် ပေးရမည်။ ပုဒ်မ (၂၁) မှာ ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြု ခွင့်ရရှိသူက ဤဥပဒေပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း တွေ့ရှိလျှင် မူလပေးသွင်းထားသော အာမခံ ကြေးကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းမည့် အပြင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကိုလည်း ပြန်လည် ရုပ်သိမ်းပိုင်ခွင့်ရှိသည်။ (အထက်ပါ အကြောင်းအရာများကို စာဖတ်သူများဗဟုသုတအလို့ငှာ ကိုးကားရေးသားတင်ပြအပ်ပါသည်) ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ ပါမစ်(PERMIT) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သောကိစ္စရပ်များ အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ စလစ်၊ ပါမစ်၊ ဂရန်မြေကွက်များကို ဝယ်မည်ဆိုလျှင် အကွက်ရိုက်ရောင်းတဲ့ မြေကို ဝယ်လိုသူများ အထူး သတိပြုစရာ Written By : Aye Sandar (ShweProperty.com) Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ