By Myanmar Times, Shweproperty.com
Updated at 7 September 2015
ကြိုးဖုန်းမှတစ်ဆင့် ဆက်သွယ်အသုံးပြုရ သည့် အေဒီအက်စ်အယ်လ် အင်တာနက်လိုင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံမှ လျှောက်ထား အသုံးပြုလိုသူများရှိနေသော်လည်း နေရာ အချို့၌ လိုင်းအသစ် ချိတ်ဆက်ခွင့်ရရန် ခက်ခဲလျက်ရှိသည်။
"ကျွန်တော်တို့ အေဒီအက်စ်အယ်လ် အင်တာနက်လိုင်းကို သာကေတမြို့နယ်မှာ အသုံးပြုဖို့ အတွက် တာမွေအိတ်ချိန်း ရုံးမှာ လျှောက်ရတယ်။ တာမွေအိတ်ချိန်ရုံးက အေဒီအက်စ်အယ်လ် လိုင်းသုံးနိုင် ဖို့ ကြိုးဖုန်းနံပါတ်တစ်ခုကိုပေးတယ်။ အဲဒီဖုန်းနံပါတ်ကို ရှစ်မိုင် အေဒီအက်စ် အယ်လ် ရုံးက လိုင်းချိတ်လို့ မရဘူးလို့ ပြော တယ်။ အဲဒီလိုနဲ့ အေဒီအက်စ်အယ်လ်လိုင်းကို မြန်မာ့ ဆက်သွယ်ရေးက ချပေးမယ့်ရက်ကို စောင့်နေတာ သုံးလလောက်အကြာမှ မရတော့ ဆက်သွယ်ရေးရုံးကို သွားမေးတော့ သာကေတမြို့နယ်အတွက် အေဒီ အက်စ်အယ်လ်လိုင်း ထပ်မရတော့ဘူးလို့ ပြောပြီး ကျွန်တော်တို့ လျှောက်ထားတဲ့ ငွေ ကို ပြန်အမ်းပါတယ်" ဟု ရန်ကုန်မြို့ မီဒီယာ ကုမ္ပဏီတစ်ခုမှ ကွန်ပျူတာအင်ဂျင်နီယာ တစ်ဦးဖြစ်သူ ဦးကျော်ဇေယျက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီးပွား ရေးဌာနမှ အထွေထွေမန်နေဂျာ ဦးသိန်းဟုတ်က အေဒီအက်စ်အယ်လ်လိုင်း ချိတ်ဆက်ရန် ခက်ခဲသောနေရာများတွင် ချိတ်ဆက်ရန် သုံးလခန့် စောင့်ဆိုင်းရနိုင်သည် ဟု ပြောသည်။ "အခု အယ်ဒီအက်စ်အယ်လ် လိုင်း တွေ အလွယ်တကူ ချိတ်ဆက်ပေးလို့ ရတဲ့နေရာမှာတော့ ချက်ချင်းတပ်စဉ်ပေးမယ့် one stop service ပေးသွား မှာပါ။ ဒါပေမဲ့ အေဒီအက်စ်အယ်လ် ချိတ်ဆက် ဖို့ ခက်ခဲတဲ့နေရာတွေမှာတော့ လိုင်းချိတ် ဖို့အတွက် ပစ္စည်းတွေ ဝယ်ပြီး ချိတ်ဆက် ရမှာဖြစ်တာကြောင့် အနည်းဆုံးသုံးလ လောက်တော့ စောင့်ဆိုင်းရနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။
အေဒီအက်စ်အယ်လ်လိုင်း ခက်ခဲမှုကြောင့် ပြည်တွင်းရှိ ကုမ္ပဏီများသည် အင်တာနက် အသုံးပြုရန် တယ်လီဖုန်းအော်ပရေတာများ၏ မိုဘိုင်းဒေတာ Package များကို အသုံးပြုနေကြကြောင်း Yangon Hertz Media and Business solution မှ အမှုဆောင်အရာရှိချုပ် ဦးဇော်ဇော်မျိုးလွင်က ပြောသည်။
"အေဒီအက်စ်အယ်လ်ကို ရဖို့အတွက် အခုအရမ်းခက်ခဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အေဒီအက်စ်အယ်လ်လိုင်းကို လုံလောက်အောင် မပေးနိုင်သေးဘူး။ အဲဒါကြောင့် ပြည်တွင်းစီးပွားရေးကုမ္ပဏီတွေက မိုဘိုင်းအော်ပရေတာတွေရဲ့ အင်တာနက်ဒေတာ အစီအစဉ်တွေကို မှီခိုနေကြရတာတွေ့ ရပါတယ်" ဟု ၎င်းက ပြောသည်။
အေဒီအက်စ်အယ်လ်အင်တာနက် သုံးစွဲခသည် မိုဘိုင်းအင်တာနက်ဒေတာ Package အသုံးပြုမှုထက်သုံးစွဲခသက်သာသောကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လိုင်းများ အလုံအလောက် ချထားပေးသင့်သည်ဟု zwenexsys software ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသာထက်က ပြောသည်။
"ကျွန်တော်တို့ ကုမ္ပဏီကတော့ ရတနာပုံ တယ်လီပို့ရဲ့ အေဒီအက်စ်အယ်လ်လိုင်းကို သုံးနေတာပါ။ အေဒီအက်စ်အယ်လ် ဈေးကွက်ကတော့ ရှိနေဦးမှာဘဲ။ ဘာဖြစ်လို့လဲဆိုတော့ အေဒီအက်စ်အယ်လ် အင်တာနက်သုံးစွဲခက မိုဘိုင်းအင်တာနက်ဒေတာ Package အသုံးပြုမှု ထက် သုံးစွဲခ သက်သာတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က အေဒီအက်စ်အယ်လ် ဝန်ဆောင်မှုကို လုံလောက်အောင်ပေးနိုင်ရင် သူတို့ရဲ့ ဈေးကွက်က အနာဂတ်မှာ မြင့်တတ်လာနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။
အေဒီအက်စ်အယ်လ်အင်တာနက်လိုင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အပြင် ရတနာပုံတယ်လီပို့ကပါ ဝန်ဆောင် မှုပေးနေသည်။ ရတနာပုံတယ်လီပို့က အေဒီအက်စ်အယ်လ် လိုင်း ဝန်ဆောင်မှုကို ရန်ကုန်မြို့တွင် ၂၀၀၄ ခုနှစ်၊ မေလက စတင်ဝန်ဆောင်မှုပေးခဲ့ပြီး မန္တလေးမြို့တွင် ယင်းဝန်ဆောင်မှုကို ၂၀၀၅ ခုနှစ်၊ ဇွန်လတွင် စတင် ဝန်ဆောင်မှုပေးခဲ့သည်။ ရတနာပုံတယ်လီပို့သည် အေဒီအက်စ်အယ်လ် ဝန်ဆောင်မှုကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၃၀ နှင့် မန္တလေးတိုင်းဒေသကြီးတွင် ဝန်ဆောင် မှုပေးလျက်ရှိကာ သုံးစွဲသူ တစ်သောင်းကျော် ရှိသည်။ မြန်မာနိုင်ငံ၏ အဓိက စက်မှုဇုန်တစ်ခု ဖြစ်သည့် လှိုင်သာယာစက်မှုဇုန်တွင်ပင် အင်တာနက်လိုင်းများ မကောင်းသဖြင့် အခက်အခဲဖြစ်ရကြောင်း လှိုင်သာယာစက်မှုဇုန်၏ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။
"အင်တာနက်ကွန်နက်ရှင်က လှိုင်သာယာစက်မှုဇုန်မှာ မကောင်းဘူး။ အခုဆိုရင် မိုဘိုင်းဖုန်းက အင်တာနက် တွေ၊ အေဒီအက်စ်အယ်လ် လိုင်းတွေကို အားကိုးနေရတယ်။ အင်တာနက်ကွန်နက် ရှင်က ကောင်းတဲ့အခါလည်း ကောင်းတယ်။ လိုင်းကျသွားတဲ့အခါလည်း လိုင်းကျသွားတယ်။ တစ်ခါတလေဆိုရင် ဖုန်းလိုင်းတောင် မကြည်ဘူး" ဟု ၎င်းကပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ