By Myanmar Times, Shweproperty.com
Updated at 11 November 2015
နိုင်ငံပိုင်ဘဏ်များ၏ အနာဂတ်သည် အစိုးရသစ်က ချမှတ်မည့် စီးပွားရေးဆိုင်ရာ အဆုံး အဖြတ်များနှင့် ဆက်နွှယ်နေသည့်အတွက် ရွေးကောက်ပွဲ နောက်ပိုင်းတွင် နိုင်ငံပိုင်ဘဏ်များအတွက် အခက်အခဲများ ပိုမိုများပြားလာဖွယ်ရာရှိနေသည်။
အများနှင့်ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့် နိုင်ငံပိုင်ဘဏ်များကို ပြန်လည်ဖွဲ့စည်းရေးသည် တရားမဝင်ကျောက်စိမ်းအရောင်းအဝယ်ကိစ္စ၊ သို့မဟုတ် နိုင်ငံရေး အကျဉ်းသားများ ကိစ္စ ဖြေရှင်းရေး စသည့် ပိုမိုအရေးကြီးသည့်ကိစ္စများနောက် ရောက်သွားနိုင်သည့် အလား အလာရှိနေသည်ဟု မြန်မာနိုင်ငံ၏ အကြီးဆုံး နိုင်ငံဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်မှ အထွေထွေမန်နေဂျာဟောင်းတစ်ဦးက ပြောသည်။ ယင်းအချိန်တွင် စီးပွားရေးပြိုင်ဘက် များက ယင်းတို့၏ ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း၊ နည်းပညာများကို ငွေပေးဝယ်ခြင်းနှင့် နိုင်ငံခြား ဘဏ်များက ယင်းတို့၏ ဈေးကွက်ဝေစုများလာအောင်ကြိုးစားနေခြင်းများ ရှိလာမည်ဖြစ်သည့်အတွက် နိုင်ငံပိုင်ဘဏ်များ၏ အခွင့်အရေးများ ဆက်လက် ဆုံးရှုံးနေလိမ့်မည်ဟု မြန်မာနိုင်ငံဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ "အများနဲ့ယှဉ်ပြိုင်နိုင်ဖို့အတွက် နိုင်ငံပိုင် ဘဏ်တွေမှာ ပြုပြင်မွမ်းမံမှုတွေ အများကြီး လုပ်ဖို့ လိုပါတယ်။ ပထမဦးဆုံးအနေနဲ့ မူဝါဒအပြောင်းအလဲတွေအပြင် လူ့စွမ်းအား အရင်းအမြစ်တွေနဲ့ အခြေခံအဆောက် အအုံတွေပိုကောင်းအောင် အဓိကထား ဆောင်ရွက်ဖို့လိုပါတယ်။ ဒုတိယတစ်ချက်ကတော့ အစိုးရသစ်လက်ထက်မှာ အတိုင်းအတာတစ်ခုအထိ ဖြစ်လာနိုင်မယ်လို့ထင်ရ တဲ့ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိက အစုစပ်လုပ်ငန်းတွေ ကနေ ပေါင်းစည်းမှုတွေ ဒါမှမဟုတ် ပြုပြင် ပြောင်းလဲ မှုတွေပြုလုပ်ဖို့ပါ" ဟု ၎င်းက ပြောသည်။
နိုင်ငံပိုင်ဘဏ်များတွင် ဘဏ်အပ်ငွေပမာဏ ကျဆင်းသွားသည့်တိုင်အောင် လူထု သည် နိုင်ငံပိုင်ဘဏ်များကို ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း မြန်မာ့ စီးပွားရေးဘဏ် မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယင်းဘဏ်၏ ယခုနှစ် အစပိုင်းတွင် ရှိသည့် ဘဏ် အပ်ငွေသည် တစ်နိုင်ငံလုံးရှိ ဘဏ်အပ်ငွေ၏ ၅၀ ရာခိုင်နှုန်းရှိသည်ဟု ၎င်းကပြောသည်။ သို့သော် မြန်မာ့စီးပွားရေးဘဏ်နှင့် အခြားနိုင်ငံပိုင်ဘဏ်များဖြစ်သည့် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံ မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့သည် ဘတ်ဂျက်၊ လုပ်ငန်းစွမ်းဆောင်နိုင်စွမ်းနှင့် ဝန်ထမ်းဆိုင်ရာ လိုအပ်ချက်များအပါအဝင် အခက်အခဲကြီးများ ရင်ဆိုင်နေရသည်ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အစိုးရသစ်လက်ထက်တွင် ဗဟိုဘဏ် သည် နိုင်ငံပိုင်ဘဏ်များကို အရန်ငွေအချိုး အစားနှင့် မတည်ငွေဆိုင်ရာ ဘဏ်စည်းမျဉ်း များကို တင်းကျပ်ရန် စီစဉ်နေသည်ဟု ၎င်းကပြောသည်။ "ရွေးကောက်ပွဲမှာ ဘယ်ပါတီပဲအနိုင်ရရ ဗဟိုဘဏ်အနေနဲ့ ကျွန်တော်တို့ကတော့ ကျွန်တော်တို့လမ်းကြောင်းအတိုင်း ဆက်သွား ကြမှာပါ။ ဒါကို ကျွန်တော်တို့ မဆောင်ရွက်ခင်မှာ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာတချို့တော့ ရှိပါတယ်" ဟု ၎င်းကပြောသည်။
ဗဟိုဘဏ်က လာမည့်နှစ်တွင် ရှေ့ပြေး ဆောင်ရွက်မည့် နိုင်ငံပိုင်ဘဏ်လုပ်ငန်း ကဏ္ဍပြုပြင်ပြောင်းလဲရေးတွင် လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနလက်အောက် ရှိ ကိုယ်ပိုင်စည်းမျဉ်းများဖြင့် လည်ပတ်သည့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မပါဝင်ကြောင်း ၎င်းကပြောသည်။ နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေး များကို ရွေးကောက်ပွဲတွင် မည်သည့်ပါတီ အနိုင်ရ သည်ဖြစ်စေ ဆောင်ရွက်သွားဖွယ်ရာ ရှိသည်။ ဗဟိုဘဏ်က တာဝန်ယူ ထားရသည့် နှစ်စဉ် အရှုံးများကြောင့် လွှတ်တော်ရှိ ဘဏ်နှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးရေးကော်မတီသည် မြန်မာ့စီးပွားရေးဘဏ်၏ အရွယ်အစားကို လျှော့ချရန် အဆိုပြုထားသည့်အတွက် လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် ထပ်မံရွေးကောက်တင်မြှောက်ခံရပါက ယင်းဆောင်ရွက်မည့်ပြုပြင်ပြောင်း လဲမှုများကို နိုင်ငံပိုင်ဘဏ်များနှင့် ဆွေးနွေး ထားပြီးဖြစ်သည်။ မြန်မာ့စီးပွားရေး ဘဏ်သည် ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ် အပါအဝင် အခြားဘဏ်များကို ချေးငွေများထုတ်ချေးပေးနေပြီး ယင်းဘဏ် သည် ၁၉၉၀ ပြည့်နှစ်ကတည်းက အရှုံးဖြင့်လည်ပတ်နေခြင်းဖြစ်ကြောင်း ဂျာမန်ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ (ဂျီအိုင်ဇက်)အရ သိရသည်။
အတိုက်အခံပါတီအင်န်အယ်လ်ဒီက လည်း ရွေးကောက်ပွဲတွင် အနိုင်ရပါက အပြောင်း အလဲများပြုလုပ်ဖွယ်ရာရှိသည်။ ယင်း၏ စီးပွား ရေးမူဝါဒမှ ပထမအချက်မှာ နိုင်ငံပိုင်လုပ်ငန်း များ၏ အသုံးစရိတ်ကို လျှော့ချရန်နှင့် သင့်တော်သည့်နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကလက်သို့ လွှဲပြောင်း ရန်ဖြစ်သည်။
နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေးသည် အရေးကြီးလုပ်ငန်းများစာရင်း၏ ထိပ်ဆုံးတွင်ရှိသည်ဟု မြန်မာ့စီးပွားရေး ဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်ကာ အင်န်အယ်လ်ဒီနှင့် အစိုးရအဖွဲ့အတွင်းရှိ ဘောဂဗေဒပညာရှင်များအတွက် အချိန်ပိုင်းအကြံပေးလည်းဖြစ်သူ ရှောင်တာနဲလ်ကပြောသည်။ မြန်မာ့ငွေကြေး အရင်းအမြစ်များ ပြုန်းတီး မှုဖြစ်နေကြောင်း၊ တူညီသော လိုအပ်ချက်ရှိနေသည့် နိုင်ငံပိုင်လုပ်ငန်းများနှင့်ဆက်စပ်လုပ်ငန်းများကိုငွေရင်းခွဲတမ်းချပေးရာတွင် မတူညီမှုများရှိကြောင်း၊ အကြွေးပြန်ရနိုင်ခြေမရှိဘဲ ချေးငွေ အမြောက်အမြား ထုတ်ပေးထားကြောင်းနှင့် ယေဘုယျအားဖြင့် နိုင်ငံရေးအရ ရွေးချယ်စရာ လမ်းမရှိဘဲ ပိတ်မိနေကြကြောင်း ၎င်းက ပြောသည်။
နိုင်ငံပိုင်ဘဏ်များ၏ စာရင်းစာအုပ်များ တွင် မှတ်တမ်းတင်ထားသည့် ပြန်ဆပ်နိုင်ခြင်း မရှိသည့် ချေးငွေပမာဏမှာ များပြားလွန်းလှ ကြောင်းနှင့် ယင်းအချက်အလက်များကို လူသိရှင်ကြားထုတ်ပြန်ထားခြင်းမရှိကြောင်း လည်း ၎င်းကပြောသည်။ "နိုင်ငံပိုင်ဘဏ်တွေမှာ ပြန်မရတဲ့ချေးငွေတွေ အနည်းနဲ့ အများတော့ရှိပါတယ်။ ကမ္ဘာတစ်ဝန်းက နိုင်ငံပိုင်ဘဏ်တွေမှာ ငွေကြေးမတည်ငြိမ်မှုမြင့်မားတာ ၊ငွေကြေးတိုးတက်မှု အနေအထားနိမ့်နေတာနဲ စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးနေတာမျိုးတွေ ရှိပါ တယ်" ဟု မစ္စတာ တာနယ်လ်က ပြောသည်။
နိုင်ငံပိုင်ဘဏ်လုပ်ငန်းကဏ္ဍတွင် သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် နိုင်ငံတကာငွေကြေးရန်ပုံ ငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ် နှစ်ခုစလုံးက အကြံပြုထားသည်။ ကောင်းမွန်စွာလည်ပတ် နိုင်သည့် ဘဏ်များအဖြစ် ဘဏ်အချို့ကို ပေါင်းစည်းခြင်းများပြုလုပ်ရန်ပြောသည်။ "ဒါကိုလည်း ကျွန်တော်လက်ခံရမှာပါ" ဟု မစ္စတာ တာနယ်လ်ကပြောပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို သိသိသာသာ ပြုပြင်ပြောင်းလဲတိုးချဲ့ဆောင်ရွက်ခြင်းသည် အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ဆောင်ရွက်ချက်အချို့နှင့် ဆင်တူသည်ဟု ပြောသည်။ "ကျွမ်းကျင်သူတွေရဲ့ နယ်ပယ်ကနေ ဝေးကွာနေတဲ့အတွက် ဈေးကွက်အခြေစိုက် ဖြေရှင်းမှုတွေဟာ အဆင့်မမီတာမျိုး ရှိကောင်းရှိနိုင်ပေမယ့် ဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက ကြိုးပမ်းသင့်တဲ့ ကဏ္ဍကတော့ ပုဂ္ဂလိက ကဏ္ဍပဲဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ၎င်းကပြောသည်။ နိုင်ငံပိုင်ဘဏ်များကို ပြန်လည်ဖွဲ့စည်းရန် ဖိအားပေးခံရနိုင်ဖွယ်ရာရှိသော်လည်းယင်း ဘဏ်များက ဆောင်ရွက်ရမည့် ကဏ္ဍအချို့ ရှိနေသေးသည့်အတွက် လက်ရှိကာလတွင် ယင်းဘဏ်အားလုံးကို လုံးဝပိတ်သိမ်းရန် မဖြစ်နိုင်သေးကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဟောင်း ဖြစ်သူ ဦးစိုးသိန်းကပြောသည်။ ယင်းဘဏ်များတွင် ဖြစ်ပေါ်နေသည့် အစိုးရ၏ ငွေကြေးအရင်း အမြစ်ပြုန်းတီးမှုသည် အခြားနိုင်ငံပိုင်လုပ်ငန်းများနှင့်စာလျှင် မဆိုးရွားလှကြောင်း ၎င်းကပြောသည်။
"ဒီပြသနာတွေက နိုင်ငံပိုင်လုပ်ငန်းတွေအပြင် အုပ်ချုပ်ရေးဆိုင်ရာ ဝန်ကြီးဌာန တွေနဲ့ ဦးစီးဌာနတွေမှာပါ ကောင်းကောင်း အမြစ်တွယ်နေတာပါ" ဟု ၎င်းက ပြောသည်။
Ref : Myanmar Times
Photo Credit : Yangon Archirecture
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ