By Myanmar Times, Shweproperty.com
Updated at 27 October 2015
မှတ်ပုံတင်ထားသည့် အိမ်ခြံမြေအကျိုးဆောင်များ မမှန်မကန်ပြုလုပ်ပါက မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းထံ တိုင်ကြားနိုင်ပြီး အသင်းက တာဝန်ယူ ဖြေရှင်းပေးနေကြောင်း အဆိုပါအသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။
ရောင်းသူနှင့် ဝယ်သူအကြား၊ အိမ်ရှင်နှင့် အိမ်ငှားရမ်းလိုသူအကြား နှစ်ဦးနှစ်ဖက် တွေ့ဆုံပေးပြီးသည့်နောက် လုပ်ငန်းအပြီး မသတ်မီ အကျိုးဆောင်ခကို ရယူပြီး စာချုပ်ဆိုပြီးသည့် အချိန်အထိ တာဝန်ယူဆောင်ရွက်ခြင်း မရှိသည့်အတွက် တိုင်ကြားမှုများ ရှိလာသည်။
"ကျွန်မတို့ အသင်းဝင် အကျိုးဆောင်ဆိုရင် အသင်းဝင်နံပါတ် ဘယ်လောက်ဆိုပြီး မကျေနပ်ချက်တွေကို လာရောက် တိုင်ကြားနိုင်ပါတယ်။ အများဆုံး ဖြေရှင်းပေးရတာကတော့ နှစ်ဦးနှစ်ဖက်တွေ့ပြီး အကျိုးဆောင်ခယူပြီး အလုပ်ကို ပြီးပြတ်သည်အထိ မလုပ်တဲ့ ပြဿနာတွေက အများဆုံးပါ"ဟု ၎င်းက အောက်တိုဘာလ ၂၂ ရက်နေ့တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
အိမ်ခြံမြေတိုက်ခန်း၊ ကွန်ဒိုရောင်းဝယ်ခြင်း၊ မြေကွက်များ ရောင်းဝယ်ငှားရမ်းခြင်းအတွက် အကျိုးဆောင်သူများအတွက် ရောင်းချသူ၊ ဝယ်ယူသူ သို့မဟုတ် အိမ်ရှင် အိမ်ငှားများက အကျိုးဆောင်ခများ ညှိနှိုင်းကာ နှုန်းထားတစ်ခု သတ်မှတ်ပေးချေလျက် ရှိသည်။
ထို့ပြင် သွားလာရေးခက်ခဲသည့် နေရာဒေသများ၊ ပုံမှန်မဟုတ်သော ခက်ခဲသည့် အရောင်းအဝယ်များအတွက်မူ ပုံမှန်တောင်းခံနေသည့် အကျိုးဆောင်အဖြစ် နှစ်ရာခိုင်နှုန်း၊ သုံးရာခိုင်နှုန်း မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် ညှိနှိုင်းတောင်းခံသည့် စနစ်ကို ကျင့်သုံးလျက်ရှိသည်။
"လွယ်လွယ်ပြောမယ်ဆိုရင် စည်ပင် နယ်နိမိတ်အတွင်းဆိုရင် နှစ်ရာခိုင်နှုန်း၊ စည်ပင်အပြင် နယ်နိမိတ်ဆိုရင်တော့ သုံးရာခိုင်နှုန်း ယူကြတယ်။ သိန်း ၁၀၀ အောက်ကို သုံးရာခိုင်နှုန်းတောင်းဖို့ ပြောတာကတော့ လုပ်ရတာလည်း တန်အောင်လို့ သတ်မှတ်တာဖြစ်တယ်။ အဲဒီလို သတ်မှတ်ယူရမယ်လို့ ဥပဒေတွေ ၊ တစ်ချက်လွှတ်အမိန့်တွေ မရှိပေမယ့် နားလည် လက်ခံအောင် လုပ်ပေးတဲ့ သဘောပါ။ ကြားထဲမှာလည်း နားလည်မှုလွဲတဲ့ ကိစ္စတွေ ရှိနိုင်ပါတယ်။ ဓလေ့ထုံးစံလို့ပဲ ပြောရမလို ဖြစ်နေပြီ"ဟု အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရာတွင် အကျိုးဆောင်ခ နှုန်းထားများကို တစ်ပြေးညီ သတ်မှတ်နိုင်ရန်အတွက် လုပ်ဆောင်နေပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အရောင်းအဝယ် ပြုလုပ်ပါက တန်ဖိုး ကျပ်သိန်း ၁၀၀ အထိကို အကျိုးဆောင်ခ သုံးရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၀၀ အထက် အရောင်းအဝယ်ပြုလုပ်ပါက အကျိုးဆောင်ခကို နှစ်ရာခိုင်နှုန်းသာ ရယူရန်နှင့် ငှားရမ်းမှုများအတွက် အကျိုးဆောင်ခကို နှစ်ချုပ် အိမ်ငှားခ၏ တစ်လစာ၊ စပေါ်ငွေဖြင့် ငှားရမ်းမည်ဆိုပါက စပေါ်ငွေ၏ သုံးရာခိုင်နှုန်းနှင့် အိမ်ငှားခ တစ်လစာကို အိမ်ရှင် / အိမ်ငှားဘက်က အကျိုးဆောင်ခအဖြစ် ပေးချေရန်အတွက် အိမ်ခြံမြေဝန်ဆောင်မှုအသင်းက သတ်မှတ်ထားသည်။
တိုင်ကြားလိုပါက မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို) အမှတ် ၁၂၃ ၊ ပထမထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၂၀၁၄၃၆ သို့ ဆက်သွယ် တိုင်တန်းနိုင်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းတွင် အသင်းဝင် ၃,၇၀၀ ကျော် ရှိပြီး ၂၀၁၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့အထိ ရုံးခွဲပေါင်း ၂၀ ဖွင့်လှစ်ထားသည်။
Ref : Myanmar Times
Photo Credit : MRESA
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ