By ဝိုင်းနန္ဒီ (ShweProperty.com), Shweproperty.com
Updated at 9 August 2019
တိုက်ခန်းဥပဒေကြမ်း(Apartment Law) ကို တစ်လနှစ်လအတွင်းမှာ ပြီးစီးအောင်ဆောင်ရွက်သွားမယ်လို့ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဌ ဦးတင်မောင်ဝင်းကပြောကြားခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီနဲ့ ရန်ကုန်တိုင်းအစိုးရ အဖွဲ့၊ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ် (MLCA) က တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့သြဂုတ်လ (၂) ရက်နေ့က နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်း တွေ့ဆုံဆွေးနွေးပွဲအပြီး ကော်မတီဥက္ကဌ ဦးတင်မောင်ဝင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
“အစိုးရအဖွဲ့ရဲ့ လိုအပ်ချက်၊ ပြည်သူရဲ့လိုအပ်ချက်၊ အဲ့ဒီလိုအပ်ချက်တွေကို နှစ်ဦးနှစ်ဖက်ပြောလိုက်ကြတော့ တစ်ဖက်နဲ့တစ်ဖက် အမြင်ရှင်းသွားတယ်၊ နားလည်သွားတယ်။ MLCA နဲ့ အစိုးရအဖွဲ့ နှစ်ဖက်စလုံးရဲ့ ဥပဒေ ပညာရှင်တွေဟာ နိုင်ငံတကာမှာရှိနေတဲ့ဥပဒေပုံစံတွေနဲ့ အချင်းချင်းဖလှယ်ပြောဆိုကြတယ်။ ကော်မတီနဲ့ အတူ ဆက်လက်ပြီးတော့လည်း လာမယ့်တစ်လ ၊ နှစ်လအတွင်း ပြီးပြတ်အောင်ဆွဲဖို့ ရည်ရွယ်ပါတယ်။ ” လို့ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဌ ဦးတင်မောင်ဝင်းက ပြောပါတယ်။
Apartment Law ကို မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းက ရေးဆွဲခဲ့တာဖြစ်ပြီး၊ အဆိုပါ ဥပဒေ ရေးဆွဲပြီးတဲ့အခါ တိုက်ခန်းပိုင်ဆိုင်သူတွေဟာ တရားဝင်စာချုပ်စာတမ်းနဲ့ မှတ်ပုံတင်နိုင်မှာဖြစ်ပါတယ်။ အခန်းပိုင်ရှင်တွေအနေနဲ့ မိမိတို့အခန်းကို တရားဝင် လွှဲပြောင်း၊ ရောင်းချ ၊ ပေါင်နှံခွင့်ရှိလာမှာဖြစ်ပါတယ်။
“ ဒီနေ့ ဆွေးနွေးပွဲကနေ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး အဖြေရခဲ့ပါတယ်။ တိုက်ခန်းအရောင်းအဝယ် လောကကြီး ပြန်ကောင်းလာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ” လို့ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများ အသင်း ဒုဥက္ကဌ ဦးသန့်စိုးက ပြောပါတယ်။
ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဌ ဦးတင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ လျှပ်စစ်၊ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : Curbed
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ