By Myanmar Times, Shweproperty.com
Updated at 17 August 2018
တိုက်ခန်းနဲ့ အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်း Apartment Law ထွက်ပေါ်လာပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် တိုက်ခန်းပိုင်ဆိုင်မှု ခိုင်မာလာမည်ဖြစ်သောကြောင့် အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် ပြန်လည်ကောင်း မွန်လာနိုင်ကြောင်း မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်း၏ တာဝန်ရှိသူများက ပြောသည်။
ယင်းဥပဒေအဆိုပြုမူကြမ်းကို တိုက်ခန်းပိုင်ဆိုင်မှုများ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းက ဦးဆောင်ရေးဆွဲထားခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်သူ့လွှတ်တော်သို့ တင်ပြထားကာ ကြားနာရန်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အဆိုပြုမူကြမ်းကို ဦးဆောင်ရေးဆွဲသူအသင်း၏ နာယက၊ တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်က ယခုလ ၁၂ ရက်က ပြောသည်။
"ပြည်သူ့လွှတ်တော်မှာ ကြားနာမယ်၊ လိုတာပြင်မယ်၊ ဖြုတ်မယ်။ ပြီးရင် ဥပဒေကြမ်းကော်မတီကိုတင်မယ်။ အဲဒီကနေ အမျိုးသားလွှတ်တော်တင်ပြီးရင် ဥပဒေကြမ်းထွက်လာမယ်။ လွှတ်တော်နှစ်ရပ် သဘောထား မကွဲရင်တော့ သမ္မတလက်မှတ်ထိုးပြီးတာနဲ့ ဥပဒေထွက်လာမယ်။ အများဆုံး ခြောက်လလောက်ကြာမယ်ထင်တယ်"ဟု ဦးအုန်းမောင်က ပြောသည်။
အဆိုပြုဥပဒေကြမ်းတွင် အခန်းပေါင်း ၁၂ ခန်းနှင့် ပုဒ်မ ၁၃၅ ခုပါဝင်သည်။ ဥပဒေကြမ်းကို မြို့ပြဆိုင်ရာဖွံ့ဖြိုးရေးစီမံကိန်းများကို အထောက်အကူပြုစေရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန်၊ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ စာချုပ်စာတမ်းမှတ်ပုံတင်ပြီး အာမခံချက်ရရှိရန်၊ နိုင်ငံတော်အနေနှင့်ရသင့်ရထိုက်သော အခွန်အခများရရှိရန်၊ ပစ္စည်းလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များ ပိုမိုခိုင်မာလာစေရန်နှင့် ဆောက်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။
"မြေပိုင်ရှင်တွေအတွက်လည်း အကျိုးရှိမယ်။ မြေနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေလည်း ပြေလည်မှုရှိသွားမယ်။ နောက်တစ်ခုက ငွေအရင်းအနှီးထည့်ဆောက်လုပ်မယ့်သူတွေ၊ ကန်ထရိုက်တာတွေနဲ့ အခန်းဝယ်ယူသူတွေ အတွက်လည်း အကျိုးရှိသွားမယ်"ဟု ဦးအုန်းမောင်က ပြောသည်။
ဥပဒေပေါ်ပေါက်လာပါက တိုက်ခန်းရောင်းဝယ်ခြင်း၊ ပေါင်နှံခြင်းကိစ္စရပ်များကို စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းများကြောင့် နိုင်ငံတော်အနေဖြင့်လည်း အခွန်ငွေ တိုးမြှင့်ရရှိနိုင်ကြောင်း ကန်ထရိုက်တာများက ဆိုကြသည်။
"တိုင်းပြည် တိုးတက်ဖို့ဆိုတာကလည်း ဥပဒေတွေ ပြင်သင့်သလောက်ပြင်မှ ပြောင်းလို့ရမှာပေါ့။ ဥပဒေထွက်လာရင် ရင်းနှီးမြုပ်နှံသူတွေရော၊ နေတဲ့သူတွေရော၊ ဥပဒေနဲ့ အကာအကွယ်ဖြစ်နိုင်တာပေါ့"ဟု ပြည်သူ့လွှတ်တော်၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ပြောသည်။
အိမ်ရှင်နှင့် ကန်ထရိုက်တာများကြား ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ မြေရှင်နှင့် ဝယ်ယူသူများကြား ဖြစ်ပေါ်နေသည့် ပိုင်ဆိုင်မှုဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ကန်ထရိုက်တာများက မျှော်လင့်နေကြသည်။
"မြေပိုင်ဆိုင်မှုတွေနဲ့ တိုက်ခန်းပိုင်ဆိုင်မှုတွေက သိပ်ခိုင်မာလှတာမဟုတ်ဘူး။ ဥပဒေထွက်လာရင်တော့ အချိုးကျ ခွဲဝေမှုတွေ ပိုခိုင်မာလာလိမ့်မယ်။ ရောင်းသူဝယ်သူကြား တော်တော်ကြီးကို အဆင်ပြေသွားလိမ့်မယ်"ဟု မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်း(မန္တလေး)မှ အတွင်းရေးမ·း ဒေါက်တာအောင်ငြိမ်းချမ်းက ပြောသည်။
ထို့ပြင် စာချုပ်စာတမ်းခိုင်မာမှုများကြောင့် ရောင်းသူ၊ ဝယ်သူများအနေဖြင့် ဘဏ်များ၏ချေးငွေရရှိမှု ပိုမိုကောင်းမွန် လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းကပြောသည်။
လက်ရှိအခြေအနေတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ယိုင်နဲ့နေပြီး အရောင်းအဝယ်ဈေးကွက် အေးစက်နေသည့် အပြင် ငွေကြေးဈေးကွက်မတည်ငြိမ်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးကြီးမြင့်နေခြင်း၊ ဘဏ်များမှ ချေးငွေရရှိမှု အားနည်းနေခြင်း အခက်အခဲပေါင်းစုံဖြင့် ရင်ဆိုင်နေကြရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ