By The Myanmar Times, Shweproperty.com
Updated at 25 July 2018
တိုက်ခန်းပိုင်ဆိုင်မှု ခိုင်မာလာပြီး အရောင်းအဝယ်ဈေးကွက် ပြန်လည်ဦးမော့လာနိုင်စေရန် ရည်ရွယ်ကာ တိုက်ခန်းအိမ်ရာအဆောက်အအုံဆိုင်ရာဥပဒေကြမ်း(Apartment Law) ကို ရေးဆွဲနေကြောင်း မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်း(MCLA) ၏ နာယက ဒေါက်တာဇော်ဝင်းက ပြောသည်။
အဆိုပါဥပဒေကြမ်းသည် မြေအကျယ်အဝန်း ကန့်သတ်ချက်အရ ကွန်ဒိုမီနီယံဥပဒေမှ လွတ်ကင်းနေသည့် တိုက်ခန်းနှင့် အိမ်ရာများအတွက် ဦးတည်ရေးဆွဲခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
ယင်းဥပဒေပေါ်ပေါက်လာပါက တိုက်ခန်းများ၏ အာမခံချက်သည် ခိုင်ခိုင်မာမာရှိ လာနိုင်ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များသည် ဘဏ်ချေးငွေများ ရလာမည် ဖြစ်သဖြင့် အဆင်ပြေလာနိုင်ကြောင်း ကန်ထရိုက်လုပ်ငန်းရှင်များအနေနှင့် ယူဆနေ ကြသည်။
"ငွေကြေးလှည့်ပတ်မှုတွေလည်း ပြန်ပြီးတော့ မြန်လာမယ်။ အရောင်းအဝယ်တွေလည်းပြန်ပြီးသွက်လာလိမ့်မယ်လို့ ယူဆပါတယ်။ ခိုင်ခိုင်မာမာ ယုံယုံကြည်ကြည်စိတ်ချစွာရောင်းလို့၊ ဝယ်လို့ရမယ်ဆိုရင် ဒီအခန်းတွေရဲ့ ရောင်းဝယ်တဲ့အနေအထားလည်း ပြန်ပြီးတိုးတက်လာလိမ့်မယ် ယူဆပါတယ်"ဟု ဒေါက်တာဇော်ဝင်းက ပြောကြားသည်။
လက်ရှိအချိန်တွင် တိုက်ခန်းများနှင့် အိမ်ခန်းများရောင်းဝယ်မှုတွင် မရေရာမှုများ၊ အခက်အခဲများ ရှိနေကြောင်းကိုလည်း သူကဆက်ရှင်းပြသည်။
"အများပြည်သူနေထိုင်နိုင်တဲ့ သိန်း ၁၅၀၊ ၃၀ဝ တန် တိုက်ခန်းတွေဟာ အခုအချိန် မှာ တစ်ယောက်နဲ့ ရောင်းတယ်ဝယ်တယ်ဆိုတာ ယုံကြည်မှုနဲ့ပဲ ရောင်းကြ-ဝယ်ကြတာပေါ့။ဝယ်သာဝယ်ရတယ်၊ တရားဝင်အသိအမှတ်ပြုတဲ့ အချက်အလက်မရှိဘူး။ နောက်တစ်ခါ ရောင်းရတဲ့သူမှာလည်း မြေရှင်နဲ့ သဘောတူပြီးလို့သာ ရောင်းလိုက်ရတယ်၊ သို့တည်းမဟုတ် မြေရှင်ဆီက မြေဝယ်ပြီးတော့သာ ရောင်းလိုက်ရတယ်၊ တည်ဆောက်ရောင်းချသူတွေကလည်း ခိုင်ခိုင်မာမာဖြစ်အောင် လုပ်ပေးနိုင်ဖို့ အခက်အခဲရှိတယ်"ဟု ၎င်းက ပြောကြားသည်။
"မရွှေ့မပြောင်းနိုင်သောပစ္စည်းမှာ မြေကြီးကို သေချာစာချုပ်စာတမ်းနဲ့ မှတ်ပုံတင်ပြီး ရောင်းလို့ရတယ်။ ရောင်းချပေါင်နှံမှုတွေမှာ အဲဒါတွေက ခိုင်မာပေမဲ့၊ ဥပမာ- မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ် ဝယ်ပြီးနေတဲ့သူတွေက စာချုပ်အရ ပိုင်ဆိုင်ပေမဲ့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ ဒီစာချုပ် သွားပြီးမှတ်ပုံတင်လို့မရဘူး။ သူ့ရဲ့ပိုင်ဆိုင်မှုဟာ ခိုင်မာလှတယ်လို့ ပြောလို့မရဘူး"ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယခုဥပဒေကြမ်းသည် ၎င်းတို့အသင်းနှင့် ဥပဒေပြုရေးမှ သက်ဆိုင်သည့်ပုဂ္ဂိုလ်များနှင့် အပြန်အလှန်ညှိနှိုင်းပြီးဖြစ်ကာ ပြည်သူ့လွှတ်တော်သို့ တင်ပြထားသည့်အဆင့်ရောက်ပြီဟု သူကဆိုသည်။
"ဥပဒေရေးရာ အဖွဲ့အစည်းတွေကနေ သေချာစိစစ်ပြင်ဆင်ပြီးတော့မှ ဥပဒေတစ်ရပ် ဖြစ်ထွန်းလာမယ်၊ ပေါ်ထွန်းလာတယ်ဆိုရင် တည်ဆောက်တဲ့ ကန်ထရိုက်တာတွေ အတွက်ကော၊ ဝယ်ယူပြီး နေထိုင်ရတဲ့သူတွေအတွက်ကော အင်မတန်အကျိုးရှိပါတယ်"ဟု ၎င်းကဆိုသည်။
တိုက်ခန်းအရောင်းအဝယ်ပြုလုပ်ရာတွင် ခိုင်မာသည့် အာမခံမရှိခြင်း၊ မရေရာ မသေချာမှုများကို အဆိုပါဥပဒေက ဖြေရှင်းပေးနိုင်မည်ဟု ဥပဒေပေါ်ပေါက်လာရေး ဆောင်ရွက်နေသူများက ဆိုကြသည်။ ယင်းဥပဒေ ပေါ်ပေါက်လာပါက တိုက်ခန်း အရောင်းအဝယ်စာချုပ်များကို သက်ဆိုင်ရာ စာတမ်းမှတ်ပုံတင်ရုံးများတွင် မှတ်ပုံတင်ခြင်း၊ တိုက်ခန်းပိုင်ဆိုင်မှုများသည် ခိုင်မာလာပြီး ဘဏ်များတွင် ပေါင်နှံခြင်းများ ပြုလုပ်ပြီး ငွေကြေးလှည့်ပတ် သုံးစွဲနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းတို့ကဆိုသည်။
ထို့ပြင် ပေါ်ပေါက်လာသည့် ဥပဒေနှင့်အညီ တိုက်ခန်းအရောင်းအဝယ် စာချုပ်များ ပြုလုပ်ခြင်းကြောင့် အစိုးရလည်း အခွန်ဘဏ္ဍာပိုမိုရရှိနိုင်ကြောင်း ၎င်းတို့က ဆက်ပြောသည်။
"ပထမဆုံး ကွန်ဒိုမီနီယံဥပဒေ ပြီးသွားပါပြီ။ All inclusive (အားလုံးအကျုံးဝင်ပါဝင်နိုင်မှု) မရှိတဲ့အတွက်၊ အချိန်မရတဲ့အတွက် တချို့ဟာလေးတွေ လစ်ဟာသွားတာ လေးတွေရှိပါတယ်။ ဒီဟာ (တိုက်ခန်းအိမ်ရာဥပဒေ)ကတော့ လစ်ဟာလို့မရပါဘူး"ဟု ပြည်သူ့လွှတ်တော် သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်-ဝင်းက ပြောကြားသည်။
ယင်း ကွန်ဒိုမီနီယံဥပဒေ ရေးဆွဲမှုကို ဆောက်လုပ်ရေးဝ-န်ကြီးဌာနက ဦးဆောင်ရေးဆွဲခြင်းကြောင့် လက်တွေ့အခြေအနေနှင့် ကိုက်ညီမှုမရှိခြင်းများကြောင့် ယခုဥပဒေကြမ်းကိုမူ လိုင်စင်ရကန်ထရိုက်တာများအဖွဲ့မှ ဦးဆောင်အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဥပဒေရေးဆွဲမှုတွင် ဥပဒေပညာရှင်များ၊ သက်ဆိုင်ရာလုပ်ငန်းရှင်များ၊ ကျွမ်းကျင်သူများ ပါ-ဝင်ရေးဆွဲလျက်ရှိကြောင်း အဆိုပါအသင်းက ဆိုသည်။
တိုက်ခန်းဈေးကွက်
လက်ရှိတွင် ရန်ကုန်မြို့ရှိ တိုက်ခန်းအရောင်းအဝယ်ဈေးကွက်သည် နှေးကွေးလျက်ရှိသလို အခြားအခက်အခဲများရှိနေကြောင်း ဆောက်လုပ်ရေးကန်ထရိုက်တာများက ပြောသည်။
"ဈေးကွက်ကလည်း နှေးပါတယ်။ ငွေဈေးကလည်း တက်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲတွေ တွေ့နေရပါတယ်။ ဝါကလည်း ဝင်ပါတော့မယ်။ ဆောက်တဲ့ဥစ္စာကလည်း နိုင်ငံခြားငွေတွေ ပါပါတယ်။ သံချောင်းဆိုရင် တချို့တင်သွင်းရတဲ့အတွက် နိုင်ငံခြားငွေတွေပါပါတယ်။ ဒီနေ့ဈေးနဲ့ ရောင်းလိုက်ရပေမဲ့ နောက်နေ့ကျရင် ဈေးကြီးနဲ့ ပြန်ပေးပြီး ဝယ်လိုက်ရတဲ့အတွက် ဒီနေ့ဒီကာလမှာ အခက်အခဲတွေ ဖြစ်နေပါတယ်"ဟု ရွှေသံလွင်လုပ်ငန်းစု၏ ပိုင်ရှင်ဖြစ်ပြီး MLCA၏ဥက္ကဋ္ဌဖြစ်သူ ဦးကျော်ဝင်းက ပြောကြားသည်။
"ဒီဥပဒေတစ်ခု ထွက်လာလို့ရှိရင် ဈေးကွက်နှေးနေတာတွေ၊ မကုန်သင့်ဘဲ ကုန်နေရတဲ့အချိန်တွေ အားလုံးကို လျော့ကျသွားအောင် အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်"ဟု ၎င်းက ဆက်ပြောသည်။
ဆောက်လုပ်ရေးကဏ္ဍတွင် တိုက်ခန်း- ဝယ်လိုအားမရှိသလောက် ကျဆင်းနေခြင်း၊ ဆောက်လုပ်ရေးနှင့် ဆက်စပ်ပစ္စည်းများ ဈေးနှုန်း မြင့်မားလာခြင်း၊ ဘဏ်များနှင့် ဆက်စပ်လုပ်ကိုင်ရာတွင် အခက်အခဲရှိခြင်း၊ ဌာနဆိုင်ရာနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့နေရခြင်း၊ မြေရှင်၊ ကန်ထရိုက်တာနှင့် တိုက်ခန်းဝယ်ယူသူ အသီးသီးတို့အား ကာကွယ်ပေးသည့် ဥပဒေလိုအပ်လျက်ရှိခြင်း၊ မျှတသော အခွန်စနစ် ပြောင်းလဲရန် လိုအပ်ခြင်း၊ ကျွမ်းကျင်လုပ်သားများ ရှားပါးလာခြင်း စသည့် စိန်ခေါ်မှုများ တိုက်ခန်းဆောက်လုပ်ရေးဈေးကွက်တွင် ဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းမှ သိရသည်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ