By Ra Wai, Shweproperty.com
Updated at 8 July 2020
အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းသည် ဇွန်လကစ၍ ပြန်လည်သက်ဝင်နိုးကြားလာပြီး ကိုဗစ်-၁၉ ရောဂါကြောင့် တိုက်ခန်းဈေးနှုန်းများ ကျဆင်းကာ မြေကွက်အရောင်းအဝယ်ဖြစ်လာကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။
"တိုက်ခန်းတွေနဲ့နေရတဲ့အပေါ်မှာ ကျန်းမာရေးအရ ကိုဗစ်-၁၉ ကာလမှာ ကွာရန်တင်း ကိစ္စတွေ သွားရေးလာရေး ကန့်သတ်တာတွေ ကြုံရတဲ့အတွက် တိုက်ခန်းမှာ နေမယ့်အစား မြေကွက်မှာ နေမယ်ဆိုတဲ့အတွေးတွေးတဲ့အတွက် တိုက်ခန်းမှာ နေတဲ့သူ တော်တော်များများက မြို့အပြင်မှာ ရှိတဲ့ မြေကွက်တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ တော်တော်များများ ဝယ်ကြတယ်။ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက်ကို စီးပွားရေးလုပ်ငန်းတွေနဲ့ ကိုက်ညီမှုဖြစ်အောင် နိုင်ငံတော်ကနေ အပ်ငွေတွေအပေါ်မှာ ဘဏ်တိုးချတယ်။ အဲဒီဘဏ်တွေချတဲ့အချိန်မှာ တချို့သော အလယ်လတ်တန်စားတွေက ဘဏ်အတိုးပေါ်မှာ မူတည်ပြီးတော့ အပ်ထားတဲ့ငွေတွေက ဘဏ်တိုးချလိုက်တဲ့အတွက် ဘဏ်ထဲကငွေတချို့ကို ထုတ်ပြီး အိမ်ခြံမြေအပေါ်မှာ ဝယ်စရာရှိတာ ဝယ်မယ်ဆိုတွေးပြီး အိမ်ခြံမြေဈေးအကျကို ထပ်မစောင့်တော့ဘဲ လက်ရှိအနေထားမှာ ဝယ်နေကြတယ်။ မန္တလေးမှာလည်း မြို့သစ်တွေမှာဆို ထူးထူးခြားခြား ဈေးတက်လာတာတွေ ရှိတယ်။" ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင် က ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပေါ်ခဲ့ပြီးနောက် ဧပြီလနှင့်မေလအတွင်း အိမ်ခြံမြေအရောင်းများ ရပ်ဆိုင်းလုနီးပါးရှိခဲ့သော်လည်း ကိုဗစ်-၁၉ ကာလ ပြန်လည်ဖြေလျှော့မှုများ ပြုလုပ်ခဲ့သည့်နောက် ဇွန်လဝန်းကျင်က စတင်ပြီးငွေဖော်လိုသူ အိမ်ရှင်မြေရှင်များအနေဖြင့် ငွေဖော်၍ရလာကာ ဝယ်ယူသူများကလည်း ပြန်လည်ဝယ်ယူလာနိုင်ခြင်းကြောင့် အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းများ ပြန်လည်ဖြစ်လာ ကြောင်းနှင့် အိမ်ခြံမြေ အရောင်းဝယ်များကို အင်တာနက်မှတစ်ဆင့် ရောင်းဝယ်မှုပုံစံ (Internet Marketing) စနစ် ထွန်းကားလာကြောင်း သိရသည်။
"အရောင်းအဝယ်ပုံစံပြောင်းလဲသွားတာရှိပါတယ်၊ အွန်လိုင်းကနေတဆင့်ကြည့်ပြီးတော့မှ အရောင်း အဝယ်တင်လိုက်လို့ရှိရင် အဲဒီနေရာကို စုံစမ်းမေးမြန်းပြီးတော့မှ ဈေးနှုန်းမေးပြီး အရောင်းဝယ်ဖြစ် တာတွေလည်းရှိတယ်၊ Internet Marketing စနစ် ထွန်းကားလာတယ်၊ အဲဒီတော့ အိမ်ခြံမြေမှာလည်း တစ်ခေတ် ပြောင်းလဲလို့ရတဲ့အနေအထား ဖြစ်လာပြီလို့ ပြောလို့ရတာပေါ့၊ ဧပြီနဲ့မေလအတွင်းမှာ အရောင်းအဝယ်က ရပ်ဆိုင်းလုနီးပါးဖြစ်သွားတယ်၊ နဂိုတုန်းက အွန်လိုင်းကနေကြည့်ပြီး ဝယ်ယူတဲ့သူတွေလည်းရှိတယ်၊ ဇွန်လကစပြီး ပြန်လည်သက်ဝင်လာ တယ်လို့ ပြောလို့ရပါတယ်၊ ဈေးနှုန်းလည်း ကျတဲ့နေရာက ကျတယ်၊ ဒါပေမယ့် တန်ဖိုးနည်းပြီး နေထိုင်လို့ရတဲ့နေရာတွေမှာ ဈေနှုန်းပြောင်းလဲမှုရှိပါတယ်" ဟု ဆက်လက်ပြောသည်။
လက်ရှိမြန်မာနိုင်ငံ၏ အိမ်ခြံမြေအရောင်းအဝယ်ဖြစ်လာသည့်ကိစ္စများတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များ၏ မြို့ပြင်ရှိမြေကွက်များကို ဝယ်ယူလာမှုများသော်လည်း ကိုဗစ်-၁၉ ကာလကြောင့် ငွေကြေးကြပ်တည်းမှုများရှိသည့်အခါ လုပ်ငန်းလည်ပတ်ရန် မြို့တွင်းမြေကွက်ကြီးပိုင်းတွင် ပြန်လည်ရောင်းချသူများရှိနေပြီး ဝယ်လိုအားနည်းသည့်အတွက် မြို့ကြီးများရှိ သိန်းသောင်းဂဏန်းမြေကွက်ကြီးများမှာ ထူးထူခြားခြားဈေးနှုန်းများ ကျလာကြောင်းလည်း သိရသည်။
Ref & Photo Credit: MOI.GOV
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ