By The Voice, Shweproperty.com
Updated at 27 November 2017
ရန်ကုန်မြို့တွင်း မြို့နယ်များထက် မြို့တွင်း ဆက်စပ်မြို့နယ်များနှင့် ဆင်ခြေဖုံးမြို့နယ်များတွင် ကျပ်တစ်သိန်းဝန်းကျင် တိုက်ခန်းများ ငှားရမ်းမှု များပြားလာကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းထံမှ သိရသည်။
ယခုလက်ရှိ မြို့တွင်း ဆက်စပ်မြို့နယ်များနှင့် ဆင်ခြေဖုံးမြို့နယ်များဖြစ်သည့် သာကေတ၊ ဒေါပုံ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် အင်းစိန်မြို့နယ်တို့တွင် ကျပ်တစ်သိန်းမှ ကျပ်တစ်သိန်းနှစ်သောင်းဝန်းကျင် တိုက်ခန်းများ ငှားရမ်းမှုများလာကြောင်း ရန်ကုန်မြို့ အိမ်ခြံမြေ အကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။
“အခုလက်ရှိ သာကေတနဲ့ ဒေါပုံမြို့နယ်မှာ ကျပ်တစ်သိန်းဝန်းကျင် တိုက်ခန်းတွေက ငှားရမ်းတာ များလာတယ်။ ကျပ်တစ်သိန်း တိုက်ခန်းတွေက ဟော၊ အခန်း မဖွဲ့တာ များတယ်။ ဒါပေမဲ့ ဈေးသက်သာတော့ ငှားရမ်းသူတွေကလည်း ကျပ်တစ်သိန်း၊ တစ်သိန်း နှစ်သောင်းဝန်းကျင်တိုက်ခန်းတွေပဲ ရှာခိုင်းတာများတယ်”ဟု မိုးမိုး အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဒေါ်မိုးမိုးက ဆိုသည်။
အိမ်ခြံမြေ အကျိုးဆောင်များအနေနှင့် ရန်ကုန်မြို့ရှိ အိမ်ခြံမြေ အရောင်းအဝယ်မှာ ယခုလက်ရှိတွင် စီးပွားရေး လုပ်ကိုင်သူများနှင့် အမှန်တကယ် နေထိုင်မည့်သူများ ဝယ်ယူမှု အနည်းငယ်သာရှိသောကြောင့် အငှားဈေးကွက်ကိုသာ အဓိကထား လုပ်ကိုင်နေရကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။
“အခုလက်ရှိ မြို့တွင်း မြို့နယ်တွေနဲ့ နယ်ကလူတွေ အများဆုံးနေတဲ့ ကမာရွတ်၊ လှိုင်တို့မှာ တိုက်ခန်းတွေက တစ်သိန်း ရှစ်သောင်းက အနည်းဆုံးပဲ။ အဲဒီတော့ သာကေတ၊ သင်္ဃန်းကျွန်းဘက်ဆို လေးလွှာ၊ ငါးလွှာ တစ်သိန်းပဲ ရှိတယ်။ ၆ လစာချုပ်နဲ့ အဲဒီဘက်မှာပဲ ငှားနေဖြစ်တယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် ငှားရမ်းနေထိုင်သူ ဒေါ်သင်ဇာဝေကဆိုသည်။
ရန်ကုန်မြို့တွင်း မြို့နယ်များတွင် တိုက်ခန်းများကို နှစ်သိန်းမှ ငါးသိန်းဝန်းကျင် ဈေးနှုန်းဖြင့် ငှားရမ်းလျက်ရှိပြီး မြို့တွင်း ဆက်စပ်မြို့နယ်များနှင့် ဆင်ခြေဖုံး မြို့နယ်များတွင် ငွေကျပ် ငါးသောင်းမှစကာ ကျပ်နှစ်သိန်းအထိ ဈေးနှုန်းများဖြင့် ငှားရမ်းလျက်ရှိသည်။
Ref & Photo Credit : The Voice
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ