By Yangon Media Group, Shweproperty.com
Updated at 19 August 2016
လှိုင်သာယာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကျပ်သိန်းတစ်ရာတန်ဖိုးရှိ တိုက်ခန်း နှစ်ထောင်ကျော်အား ယခုလအတွင်း ရောင်းချသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာများအား ရောင်းချနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ တင်ပြထားပြီး ဝန်ကြီးချုပ်၏ အစည်းအဝေး ဆုံးဖြတ်ချက်ကျပါက အမြန်ဆုံး ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ''ရန်ကုန်တိုင်းက ရာခိုင်နှုန်း ၇ဝ ရောင်းချမယ်။ ဆောက်လုပ်ရေးဝန်ကြီး ဌာနက ရာခိုင်နှုန်း ၃ဝ ရောင်းမယ်။ သြဂုတ် ၁၈ ရက်မှာတော့ ဝန်ကြီးချုပ် အစည်းအဝေးမှာ ဒီကိစ္စ ဆွေးနွေးမယ်လို့ တော့ တင်ပြထားတယ်။ အဖြေလွှာမှာ ဘာလုပ်မယ်ဆိုတာတော့ မသိသေးဘူး'' ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးဦးယုခိုင်က ပြောသည်။
ယခုရောင်းချမည့် တန်ဖိုးနည်းအိမ်ရာများမှာ လှိုင်သာယာ ရွှေလင်ဗန်းအိမ်ရာ အပိုင်း ၂၊ ၃ နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအိမ်ရာ စီမံကိန်းတို့ဖြစ် ကြောင်းသိရသည်။ ''ကျပ်သိန်းတစ်ရာကျော် တန်ဖိုးနည်း အိမ်ရာတွေကို ရောင်းချသွားမှာပါ။ အပေါ်ဆုံး အထပ်တစ်ခုကိုပဲ ၉၈ သိန်းနဲ့ ရောင်းချပေးသွားမှာပါ။ ကျန်အခန်းတွေ ကတော့ ကျပ်သိန်းတစ်ရာကျော်ပါ''ဟု ၎င်းက ဆက်ပြောသည်။ ထိုသို့ရောင်းချရာတွင် အကျေပေး စနစ်၊ လေးလ လေးရစ်စနစ်တွင် တန်ဖိုး၏ ၂၅ ရာခိုင်နှုန်း ပေးသွင်းရမည့် စနစ်နှင့် နှစ်ရှည်စနစ်ဖြစ်သည့် ရာခိုင်နှုန်း ၃ဝ ပေးသွင်းပြီး ကျန် ၇ဝ ရာခိုင်နှုန်းအား လေးနှစ်၊ ခြောက်နှစ်၊ ရှစ်နှစ်စသည်ဖြင့် ပေးသွင်းရမည့် စနစ်တို့ ဖြစ်ကြောင်းသိရသည်။
တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းပေါင်း နှစ်ထောင်ကျော်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တိုက်ခန်းပေါင်း ၁၅၅ဝ ကျော် ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တိုက် ခန်းပေါင်း ၆ဝဝ ကျော်အား ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ ထိုသို့ ရောင်းချရာတွင် ဆောက်လုပ် ရေးဝန်ကြီးဌာန၏ အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဖြစ်သည့် CHDB ဘဏ်တွင် အိမ်ရာဝယ်ယူရန် အကောင့်ဖွင့်ထားသူများအား ဦးစားပေး ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်မှု အများဆုံးမှာ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းနှင့် ဒဂုံတောင်တို့တွင် အခြေခံလူတန်းစားများပြားခြင်းကြောင့် ဆောက်လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
Ref : Yangon Media Group
Photo Credit : Social
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ