By Myanmar Times, Shweproperty.com
Updated at 14 October 2015
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေး ဦးစီးဌာနက တည်ဆောက်နေသည့် ဧရာ ဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်း တိုက်ခန်းများကို အများပြည်သူတို့ထံ ရောင်းချနိုင်ရန် ဈေးနှုန်းအတိအကျ သတ်မှတ်နိုင်ခြင်း မရှိသေးသော်လည်း တစ်ခန်းလျှင်ကျပ်သိန်း ၆၀၀ မှ ကျပ်သိန်း ၇၀၀ ခန့်နှုန်း အတွင်း ရောင်းချနိုင်ဖွယ်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ပြောသည်။
"ဆောက်လက်စပဲ ရှိသေးတဲ့အပြင် ကုန်ကျ စရိတ်တွေကိုလည်း အသေအချာတွက်လို့ မရသေးပါဘူး။ ဆောက်လုပ်ရေးချေးငွေတွေ လည်းယူထားပြီးလုပ်ရတော့ အတိုးနှုန်းတွေ ကလည်း ရှိနေတယ်။ ဈေးကွက်ပေါက်ဈေးအရ တစ်သိန်းမကျော်ချင်ဘူးဆိုပေမယ့် တွက် ချက်မှုအရ တစ်ပေပတ်လည်ကို ကျပ် ၁၂၀,၀၀၀၊ ကျပ် ၁၃၀,၀၀၀ လောက်အထိ ကျသွားမယ်လို့ မှန်းထားပါတယ်။ တစ်ခန်းကို ကျပ်သိန်း ၆၀၀ နဲ့ ၇၀၀ ကြားလောက် ကျနိုင် ပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်း အိမ်ရာစီမံကိန်း နှစ်ခုကို ၂၀၁၃ ခုနှစ် တွင် တည်ဆောက်ရေးလုပ်ငန်းများကို စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ပထမ အဆင့်အဖြစ် တိုက်ခန်းပေါင်း ၆,၀၀၀ ကျော်ကို အများပြည်သူသို့ ရောင်းချနိုင်ရန် စီစဉ်ထားသည်။ အခန်းတစ်ခန်းလျှင် စတုရန်း ပေ ၆၀၀ အကျယ်အဝန်းရှိပြီး နေထိုင်သူများ အဆင်ပြေစေရေးအတွက် ကျောင်း၊ ဆေးရုံ၊ လမ်းများ၊ ဘတ်စ်ကားလိုင်းများ၊ ရေဆိုးထုတ် စနစ်များနှင့် အများပြည်သူ အပန်းဖြေနိုင်မည့် ပန်းခြံများပါ တစ်ပါတည်း ထည့်သွင်းတည် ဆောက်ထားသည့် အိမ်ရာစီမံကိန်းကြီး ဖြစ်သည်။ တစ်ပေပတ်လည် ရောင်းဈေး ကျပ် ၁၂၀,၀၀၀ နှင့် ကျပ် ၁၃၀,၀၀၀ ခန့်ထိရှိနိုင် သည်ဟု ခန့်မှန်းတွက်ချက်ထားသည့်အတွက် ကြောင့် စတုရန်းပေ ၆၀၀ ကျယ်ဝန်းသည့် အခန်းတစ်ခန်း လျှင် ကျပ်သိန်း ၆၀၀ မှ ၇၀၀ ဝန်းကျင်ခန့်ဖြင့် ပေးချေ ဝယ်ယူရမည် ဖြစ်သည်။ " Target ထားထားတာကတော့ လစာ ပုံမှန်စားနေတဲ့ ဝန်ထမ်းတွေကို ဦးစားပေး ရောင်းမယ်လို့ ခန့်မှန်းထားပါတယ်" ဟု ဒေါ်မိုးသီတာက ဆက်လက်ပြောသည်။
"ဘယ်လိုပုံစံနဲ့ အများပြည်သူကို ရောင်း မှာလဲ ဆိုတာရယ်၊ ဈေးနှုန်းတွေက အပြင်မှာ အမျိုးမျိုးကြားနေလို့ အခုလိုမေးရတာပါ" ဟု ဒေါ်မို့မို့အောင်က ပြောသည်။ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်အတွင်း တည်ဆောက်မည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းနှစ်ခုတွင် ၁၈ ထပ်အမြင့် တိုက်အလုံး ရေ ၄၉ လုံး တည်ဆောက်သွားမည်ဖြစ်ပြီး အခန်းပေါင်း ၁၉,၆၀၀ အထိထွတ်ပေါ်ရန် တည်ဆောက် သွားမည်ဟု သိရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီ ၃၁ ခုတို့ဖြင့် ပူးပေါင်း ဆောက်လုပ်နေခြင်းဖြစ်ကာ စီမံကိန်းလုပ်ငန်း ၏ ၄၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်သည်။
အများပြည်သူ အိမ်ရာလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၂ ခုနှစ်မှ ၂၀၃၁ ခုနှစ် အထိ အိမ်ရာယူနစ်တစ်သန်းကို မြို့ကြီး ၈၁ မြို့နယ်တွင် ဖော်ထုတ် တည်ဆောက်ရန် မျှော်မှန်းထားသည်။ လတ်တလောတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနက တည်ဆောက်ရောင်းချနေသည့် လှိုင်သာယာမြို့နယ် ရွှေလင်ပန်း တန်ဖိုးမျှတ အိမ်ရာစီမံကိန်း တိုက်ခန်းများကို အများ ပြည်သူသို့ ရောင်းချရာတွင် အခန်း တစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ နှုန်းဖြင့် လက်ငင်းငွေချေစနစ်၊ အရစ်ကျငွေချေစနစ် တို့ဖြင့် ရောင်းချပေးခဲ့ပြီး ဖြစ်သော်လည်း မကြာမီ အများပြည်သူတို့ကို ရောင်းချပေးမည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်း နှစ်ခုရှိ တိုက်ခန်းများ၏ ရောင်းချမည့်ဈေး နှုန်း၊ ရောင်းချမည့် ပုံသဏ္ဌာန်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် တို့အကြား ညှိနှိုင်းနေဆဲဖြစ်ကြောင်း CHD bank အုပ် ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော်က အောက်တို ဘာ ၁၀ ရက်တွင် မြန်မာတိုင်း(မ်) ကို ပြောသည်။
"အခု ဘယ်လိုပုံစံနဲ့ရောင်းမလဲ ဆိုတာက တော့ စကားပြောနေတုန်းပဲ ရှိသေးတယ်။ အရင်ရောင်းပေးခဲ့တဲ့ ရွှေလင်ပန်းကတော့ အခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို ပထမ အရစ်ပေးပြီး ကျန်တဲ့ အခန်းတန်ဖိုးရဲ့ ၇၀ ရာခိုင်နှုန်းကို လစဉ်ဆပ်စနစ်နဲ့ နှစ်အပိုင်း အခြားအလိုက် ပေးသွင်းစေတဲ့စနစ်နဲ့ ရောင်းပါတယ်။ ဘဏ်တိုးကတော့ ၁၂ ရာခိုင်နှုန်း၊ ဝန်ဆောင်ခ တစ်ရာခိုင်နှုန်းပါ ထည့်သွင်း တွက်ချက်ပြီး လစဉ်ပေးဆပ်တဲ့စနစ်နဲ့ ရောင်း ပေးနေပါတယ် "ဟု ၎င်းကပြောသည်။
Ref : Myanmar Times
Photo Credit : AFP
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ