By 7daydaily, Shweproperty.com
Updated at 14 July 2015
ဧရာဝတီတိုင်းတွင် အကောင်အထည်ဖော်မည့် စက်မှုဇုန်ခုနစ်ခုအနက် ငါးခုသည် လျှပ်စစ်မီးနှင့် မြေနေရာ အခက်အခဲကြောင့် အကောင်အထည်ဖော်ရန်ကြန့်ကြာနေပြီး ရပ်နားထားရကြောင်း သတင်းရရှိသည်။ လက်ရှိ လုပ်ငန်းလည်ပတ်နေသော ပုသိမ်စက်မှုဇုန်နှင့်တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် ကန်ကြီးထောင့်စက်မှုဇုန်တို့သာရှိပြီး ကျန်စက်မှုဇုန်များမှာ ရပ်နားထားကြောင်း ဧရာဝတီတိုင်း စက်မှုနှင့် လျှပ်စစ်ဝန်ကြီးဦးစောမြသိန်းကပြောသည်။ ‘‘ကိုယ့်တိုင်းဒေသကြီးထဲမှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံမရှိ တာကလည်း လျှပ်စစ်ကို ခန့်မှန်းလို့ မရဘူး။ လယ်မြေဝယ်ဖို့ကလည်း စီမံကိန်းကြားတာနဲ့ ဈေးတွေ တက်ကုန်လို့ အဆင်မပြေ ဘူး’’ ဟု ၎င်းကဆိုသည်။ ဧရာဝတီ တိုင်းဒေသကြီးတွင် ပုသိမ်စက်မှုဇုန် အပါအဝင် ကန်ကြီးထောင့်၊ မအူပင်၊ ညောင်တုန်း၊ မြောင်းမြ၊ ဝါးခယ်မနှင့် ဒေးဒရဲတို့တွင် စက်မှုလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများအတွက် စက်မှုဇုန်များ အကောင်အထည်ဖော်ရန် စီစဉ်ထားသည်။ ယင်းတို့အနက် ပုသိမ်စက်မှုဇုန်တွင် အထည်ချုပ်စက်ရုံလေးရုံဖြင့် လည်ပတ်နေပြီး၁၂ရုံ ထပ်မံဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဦးစောမြသိန်းကဆိုသည်။ ကန်ကြီးထောင့် စက်မှုဇုန် တစ်ခုတည်းသာလျှင် တည် ဆောက်ရေး လုပ်ငန်းများ လုပ် ကိုင်လျက်ရှိသည်။ မအူပင် စက်မှုဇုန်တွင် ADIDAS ကုမ္ပဏီက စက်ရုံဆောက်ရန် တင်ပြထား သော်လည်း မြေယာနှင့် လျှပ်စစ် မီးအခက်အခဲများကြောင့်ယခုအ ချိန်အထိ အကောင်အထည်မဖော် နိုင်သေးကြောင်း ၎င်းက ပြောကြားသည်။ မအူပင်မြို့နယ်တွင် စက်ရုံ စီမံကိန်း နှစ်ခုရှိပြီး မအူပင်မြို့မှ တစ်မိုင်ကျော် ကွာဝေးသည့် မင်းဘောကျေးရွာနှင့် နှစ်မိုင်ကျော် ဝေးသည့် ပန်သပွတ်ရွာတို့တွင် ဖြစ်သည်။
ထိုနေရာတွင်လယ်မြေများကို နိုင်ငံခြားကုမ္ပဏီများလာ ရောက်ဝယ်ယူခြင်းမရှိသေးသော်လည်း မြေယာပွဲစားများက ဝယ်ယူမှုများရှိနေကြောင်း မအူပင်မြို့ ဒေသခံများထံမှသိရသည်။ လယ်မြေများဝယ်ယူရာတွင် တစ်ဧကလျှင် ကျပ်သိန်း၂၀မှ ၂၅သိန်းအထိ ပေးဝယ်သဖြင့် လယ်သမားများ မရောင်းလိုကြောင်း သိရသည်။ လယ်သမားအများစုမှာ လယ်ယာမြေများကို ရောင်းချခြင်း မရှိသေးဘဲ အကြွေးဆပ်ရန် လိုအပ်သည့် လယ်သမားများသာ ရောင်းချနေကြောင်းဒေသခံများထံမှ သိရသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ