By myanmar property, Shweproperty.com
Updated at 6 June 2013
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကြောင့် ပုသိမ်မြို့နယ်အတွင်းရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းများ ၅၀ ရာခိုင်နှုန်းအထိမြင့်တက်လာကြောင်း ‘ပုသိမ်အိမ်၊ခြံ၊မြေ အကျိုးဆောင်များ’ ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် ၂၀၁၃ ခုနှစ်မှ စတင်ကာ ပုသိမ်ရေနက်ဆိပ်ကမ်း ဖော်ဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း တိုးမြှင့်ခြင်း၊ စက်မှုဇုန်များ တည်ဆောက်ခြင်းနှင့် လက်ယာစိုက်ပျိုးရေးကဏ္ဍတိုးမြှင့်ခြင်းဟူ၍ ဖွံ့ဖြိုးရေးစီမံကိန်းလေးခု အကောင်အထည်ဖော်ခဲ့ပြီး အဆိုပါစီမံကိန်းများ၏ သက်ရောက်မှုအနေဖြင့် မြေဈေးကွက် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ပုသိမ် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ၏ ပြောကြားချက်များအရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့အတွင်း အဓိကလမ်းမကြီးအဖြစ် အသုံးပြုလျက်ရှိသော မဟာဗန္ဓုလလမ်းတစ်လျှောက်၌ ဈေးအမြင့်ဆုံးဖြစ်ပြီး ယခင် ငွေကျပ်သိန်းသုံးရာသာ ဈေးရရှိသောပေ ၃၀ x ၈၀ ခြံကွက် တစ်ကွက်လျှင် ယခုအခါ ငွေကျပ် သိန်းရှစ်ထောင်မှ ကိုးထောင်အထိ ရှိကြောင်း၊ ဒုတိယလမ်းမကြီးဖြစ်သည့် ကုန်သည်လမ်းတစ်လျှောက်၌မူ ပေ ၂၀ x ၈၀ ခြံကွက်တစ်ကွက်လျှင် ငွေကျပ်သိန်းငါးထောင်၊ ခြောက်ထောင်မှ ခြံအကျယ်အဝန်းအလိုက် ငွေကျပ်သိန်းရှစ်ထောင်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
“အရင်ကမဟာဗန္ဓုလလမ်းတစ်လျှောက် သိန်းနှစ်ရာလောက်ရှိရင် ကြိုက်တဲ့မြေကွက် ဝယ်လို့ရတယ်၊ ဒါက လွန်ခဲ့တဲ့ ခုနစ်နှစ်၊ ရှစ်နှစ်လောက်က၊ ခုတော့ အဆငါးဆယ်လောက် ခုန်တက်သွားပြီ”ဟုပုသိမ်မြို့ရှိ ဒေသခံတစ်ဦးက ပြောသည်။
ပုသိမ်မြို့ ရပ်ကွက်အတွင်းလမ်းသွယ်များရှိ ပေ ၄၀ x ၆၀ မြေကွက်တစ်ကွက်လျှင် ခြံအကျယ်အဝန်းနှင့် မြေနေရာ အနေအထားအလိုက် ငွေကျပ်သိန်း ရှစ်ဆယ်မှ သိန်းတစ်ထောင်ငါးရာအထိ ရှိပြီး မြို့အဝင် လမ်းမတန်းတစ်လျှောက်ရှိ လယ်တစ်ဧကလျှင် ငွေကျပ်သိန်းသုံးဆယ်မှ ငါးဆယ်နှင့် အတွင်းဘက်ရှိလယ်တစ်ဧကလျှင် ငွေကျပ်ငါးသိန်းမှ တစ်ဆယ့်ငါးသိန်းအထိ ပေါက်ဈေးရှိကြောင်း၊ မြို့တွင်း မြေကွက်မှာ နှစ်သုံးဆယ် ဂရန်နှင့်ဘိုးဘွားပိုင်မြေများသာဖြစ်ပြီး လယ်မြေဧကများမှာလည်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အထိ အမြင့်ဆုံးငွေကျပ် ၁၀ သိန်းအထိသာ ရှိကြောင်း ပုသိမ်မြို့ရှိ နှင်းရတနာသန့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် မှစုံစမ်းသိရှိရသည်။
လက်ရှိအချိန်တွင် အကောင်အထည်ဖော်လျက်ရှိသော ပုသိမ်မြို့ဈေးဝယ်စင်တာ စီမံကိန်း၊ အထူးကုဆေးရုံကြီးများ၊ ဘဏ်များနှင့်လူနေဆိုင်ခန်းများ ပါဝင်သော စီမံကိန်း စသည်တို့မှာ နိုင်ငံပိုင်မြေများပေါ်တွင် တည်ဆောက်နေခြင်း ဖြစ်ပြီး အဆိုပါ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကြောင့် အိမ်၊ ခြံ၊ မြေဈေးမြင့်မားလျက်ရှိသော်လည်း မြစ်ကမ်းနဘေးရှိ မြို့ဖြစ်ခြင်း၊ ပုသိမ်မြို့၏ အဓိက အချက်အချာကျသော မြေနေရာပေါ်တွင် ဌာနဆိုင်ရာ အဆောက်အအုံများ တည်ရှိနေခြင်းတို့ကြောင့် မြေနေရာရှားပါးသော ပုသိမ်မြို့မှာ တိုးချဲ့ရန် မလွယ်ကြောင်း ပုသိမ်မြို့ပြအင်ဂျင်နီယာ တစ်ဦးက သုံးသပ်ခဲ့သည်။
စီမံကိန်းများကြောင့် ပုသိမ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများမှာ ငါးဆယ်ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သော်လည်း ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ လမ်းဆုံးမြို့တော်ဟု ခေါ်ဝေါ်ခဲ့သော ပုသိမ်မြို့သည် ခရီးသွားလုပ်ငန်းများရှိ ကမ်းခြေခရီးသွားလုပ်ငန်းတွင် အချက်အချာကျသောနေရာ၌ တည်ရှိလျက်ရှိပြီး တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလေးခုအနက် ရင်းနှီးမြှုပ်နှံခြင်း လုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းမှာ အလားအလာကောင်းနိုင်ကြောင်း သိရသည်။
Ref : Myanmar Property
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ