By Myanmar Allin, Shweproperty.com
Updated at 4 August 2015
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) အမှတ်(၄၈)ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ တည်ဆောက်ခဲ့သော ဗိုလ်မှူးဗထူး တန်ဖိုးမျှတအိမ်ယာစီမံကိန်း(၁)မှာ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်သည်။
ယခုအခါ ယင်းအိမ်ယာနှင့်ကပ်လျက်မြေတွင် စီမံကိန်း(၂)အဖြစ် လုပ်ငန်းများစတင်လုပ်ကိုင်နေပြီကို တွေ့ရသည်။ တည်ဆောက်ရေးမှ တာဝန်ရှိအင်ဂျင်နီယာတစ်ဦးက ``ကျွန်တော်တို့ ဗိုလ်မှူးဗထူးတန်ဖိုးမျှတအိမ်ယာစီမံကိန်း(၁)က အားလုံးပြည့်ပြည့်စုံစုံနဲ့ ပြီးသွားပါပြီ။ အခု အခန်းပိုင်ရှင်တွေကို သော့တွေအပ်နေပါပြီ´´ဟု ဆိုသည်။
၎င်း၏ ရှင်းပြမှုအရ စီမံကိန်း(၁)တွင် ခြောက်ဧကကျယ်ဝန်းသော မြေပေါ်၌ U 600/ U 900 ဟူ၍ သတ်မှတ်ထားသည့် အဆောက်အအုံများမှာ ၁၄ လုံး ရှိသည်။ တစ်တိုက်လျှင် ၈ ထပ်စီဖစ်ပြီး၊ အဆောက်အအုံတစ်လုံးစီ၌ အခန်းပေါင်း ၃၂ ခန်းစီ ပါရှိကာ၊ တစ်တိုက်လျှင် ဓာတ်လှေကား ၂ စင်းစီ ပါရှိကြောင်း သိရသည်။
အိမ်ယာတိုက်ဝင်းရှိ ကြီးကြပ်ကွပ်ကဲရေးရုံးခန်းအတွင်း အခန်းသော့ လာရောက်ထုတ်ယူသူ အမျိုးသမီးတစ်ဦးက ``ကျွန်မက ဝန်ထမ်းပါ၊ လျှောက်လွှာတင်ပြီး မဲပေါက်လို့ ဝယ်ယူခွင့် ရခဲ့တာပါ။ မြို့ထဲမှာနေရတာ မွန်းကျပ်လာပြီး အခုလို ခြံနဲ့ဝင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့်လေးနေရတော့ အသက်ရှူရတာ ဝလာသလိုပဲ´´ဟု ဆိုခဲ့သည်။
အခန်းသော့ လာရောက်ထုတ်ယူသူများ၏ ဆိုစကားအရ ဈေး၊ ဆေးရုံ၊ အထက်တန်းကျောင်း၊ တက္ကသိုလ်တို့ အနီးဝန်းကျင်ဖြစ်ပြီး ဗိုလ်မှူးဗထူးလမ်းမပေါ်၌ ခရီးသည်တင်ယာဉ်လိုင်းများရှိသည့်အတွက် နေရာသစ်ဖြစ်သော်လည်း သွားလာနေထိုင်မှုအဆင်ပြေနိုင်သည်ဟု ဆိုကြသည်။
တည်ဆောက်ရေး အင်ဂျင်နီယာကပင် ``စီမံကိန်း(၂)က စီမံကိန်း(၁)ထက် ပိုကြီးပါတယ်။ အဆောက်အအုံဆို ၂၈ လုံး တည်ဆောက်သွားမှာဖြစ်ပြီး U 600 တိုက် အလုံး ၈ လုံးနဲ့ U 900 တိုက် အလုံး ၂၀ ပါ၊ ပထမစီမံကိန်းလိုပဲ ပြည့်ပြည့်စုံစုံနဲ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်´´ဟု ဆိုသည်။
Ref : Myanmar Allin
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ