By Eleven Media Group, Shweproperty.com
Updated at 6 June 2016
ရန်ကုန်မြို့တွင် ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အဆောက်အအုံ စုစုပေါင်း (၂၀၇၂) လုံးကို တရားစွဲ အရေးယူထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံ ဌာနမှ သိရသည်။
ခွင့်ပြုချက်မဲ့ အဆောက်အအုံများသည် လိုင်စင်မဲ့ ကန်ထရိုက်များက မသိနားမလည်သည့် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် သိမ်းသွင်းပြီး ဆောက်လုပ်ကြခြင်းများ ရှိသကဲ့သို့ အချို့မြေရှင်များက လိုင်စင်ရ ကန်ထရိုက်တာများဖြင့် ဆောက်လုပ်ခြင်း မရှိဘဲ မိမိအတွက် အကျိုးအမြတ် ပိုမိုရရှိနိုင်သော လိုင်စင်မဲ့ ကန်ထရိုက်တာများဖြင့် စာချုပ်ချုပ်ဆို ဆောင်ရွက်နေကြကြောင်း သိရသည်။
ထိုသို့ စာချုပ်ချုပ်သည့်အခါ အဆောက်အအုံ စံချိန်စံညွှန်း အရည်အသွေးဆိုင်ရာ အချက်အလက် ထည့်သွင်းချုပ်ဆိုမှု အားနည်းနေ သည်ကို တွေ့ရှိရကြောင်း၊ မြေရှင်များကလည်း လတ်တလော ရရှိသည့် အကျိုးအမြတ်ကိုသာ မြင်ပြီး စာချုပ်များတွင် ပြည့်စုံခိုင်မာစွာ ချုပ်ဆိုထားမှု မရှိသည်ကို တွေ့ရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံ ဌာနမှ သိရသည်။
သို့ဖြစ်ရာ ယခု (၂၀၁၆) ခုနှစ် ဧပြီ (၃၀) ရက်အထိ ပြုစုထားသော စာရင်းများအရ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံ (၂၀၇၂) လုံးကို တရားစွဲထားခြင်းဖြစ်ပြီး ယင်းသို့ ခွင့်ပြုချက်မဲ့ အဆောက်အအုံများအနက် အရည်အသွေးညံ့ အဆောက်အအုံ (၇၆) လုံးကို မြို့နယ် အသီးသီးတွင် ပြန်လည် ဖျက်သိမ်းစေခဲ့ကြောင်း သိရသည်။
ထိုသို့ ခွင့်ပြုချက်မဲ့ အဆောက်အအုံများကို ဆောက်လုပ်ခြင်းများ မရှိစေရန်အတွက် ပြည်သူလူထုအား လိုင်စင်မဲ့ ကန်ထရိုက်တာများဖြင့် ဆောက်လုပ်ခြင်း မပြုရေး နည်းလမ်း အမျိုးမျိုးဖြင့် အသိပေးခဲ့ပြီး ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံ ဌာနမှ သိရသည်။
ရန်ကုန်မြို့တွင် ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်ခြင်းများကို (၂၀၁၂) ခုနှစ်တွင် စတင် တွေ့ရှိခဲ့သည့်အတွက် ယင်းအချိန်မှ စတင်၍ မြို့နယ်များသို့ ကွင်းဆင်း၍ အသိပညာပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ခွင့်ပြုချက်မဲ့ အဆောက်အအုံများသည် သင်္ဃန်းကျွန်း၊ လှိုင်၊ ကမာရွတ်၊ အင်းစိန်၊ ဒေါပုံစသည့် နေရာများတွင် ဆောက်လုပ်နေကြခြင်း ဖြစ်ပြီး သင်္ဃန်းကျွန်း မြို့နယ်တွင် အများဆုံး ဖြစ်နေကြောင်း သိရသည်။ ယင်းသို့ ခွင့်ပြုချက်မဲ့ အဆောက်အအုံများကို ပြန်လည် ဖျက်သိမ်းမှု ဖြစ်စဉ်များလည်း ရှိခဲ့ပြီး ပြီးခဲ့သည့် (၂၀၁၄) ခုနှစ်အတွင်းက သင်္ဃန်းကျွန်း မြို့နယ်ရှိ ကြိုပွိုင့်ဖြင့် အခန်းများ ရောင်းချခဲ့ပြီးဖြစ်သော ခွင့်ပြုချက်မဲ့ အဆောက်အအုံ နှစ်လုံးကို ပြန်လည် ဖြိုဖျက်စေခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် အဆောက်အအုံများ ဆောက်လုပ် ခွင့်ပြုသည့်အခါ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများဖြင့် စိစစ်ကြပ်မတ် ညွှန်ကြားလျက်ရှိပြီး တည်ဆဲဥပဒေ စည်းကမ်းများကို ဖော်ဖျက်သည့် ကန်ထရိုက်များကို အရေးယူခဲ့ရာ ဧပြီ ၃၀ ရက်အထိ ကန်ထရိုက် (၁၃) ဦးကို လိုင်စင်မှ ပယ်ဖျက်ကာ Black List သွင်းထားခြင်း၊ လေးဦးကို ရာသက်ပန် လိုင်စင်ပယ်ဖျက်ခြင်း၊ (၁၂၀) ကို လိုင်စင်ကာလ အကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ (၁၇၅) ဦးကို အသိပေး လက်မှတ် ရေးထိုးစေခြင်းများဖြင့် အရေးယူခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။
Ref : Eleven Media Group
Photo Credit : EMG
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ