By Myanmar Builders Guide, Shweproperty.com
Updated at 26 July 2019
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်ခုဖြစ်သည့် ပုဂံဒေသတွင် မြို့ပြဧရိယာချဲ့ထွင်မှုအတွက် မြို့ပြစီမံကိန်းများရေးဆွဲရန် ဌာနဆိုင်ရာများအကြား ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
ပုဂံဒေသတွင် ထပ်မံတိုးပွားလာမည့် လူဦးရေနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုများအတွက် စီမံကိန်းအသစ်များ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပြီး မြို့သစ်ဧရိယာတိုးချဲ့ရာတွင်လည်း ယူနက်စကိုက စည်ကမ်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။
''နောင်တိုးပွားလာမယ့် လူဦးရေနဲ့ ဖွံ့ဖြိုးလာမယ့်အရာတွေအတွက် မြို့ပြချဲ့ထွင်မှုနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့ ဌာနဆိုင်ရာတွေအကြားဆောင်ရွက်နေပြီဖြစ်တယ်''ဟု ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က ဆိုသည်။
ပုဂံဒေသ၏ တိုးပွားလာမည့် လူဦးရေအတွက် မြို့ပြချဲ့ထွင်မှုနှင့် ဖွံ့ဖြိုးလာမည့် ခရီးသွားလုပ်ငန်းများအတွက် ဟိုတယ်များတည်ဆောက်ရာတွင် ဒေသနှင့်ကိုက်ညီသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် လိုအပ်ကြောင်း ယူနက်စကို၏ အကြံပေးအဖွဲ့ဖြစ်သည့် နိုင်ငံတကာနှင့် ရှေးဟောင်းနေရာများနှင့် အဆောက်အအုံများကောင်စီ (ICOMS) ပညာရှင်က ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အသိမှတ်ပြုခဲ့သည့် အဇာဘိုင်ဂျန်နိုင်ငံ အစည်းအဝေးတွင် အကြံပြုထားသည်။
လက်ရှိတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ မြို့ပြဧရိယာ လူနေဒေသအတွင်း ရှိနေသည့် ဟိုတယ်များအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်ကို မထိခိုက်ပါက ပုံမှန်အတိုင်းတည်ရှိနေမည်ဖြစ်ပြီး မြို့ပြကျေးရွာအပြင်တွင် ရောက်ရှိနေသည့် ဟိုတယ်များအနေဖြင့် စည်းကမ်းချက်နှင့် မညီညွတ်သည့် ဟိုတယ်များကို ဆွေးနွေးညှိနှိုင်းနှိုင်းရမည်ဖြစ်ကြောင်း ဦးအောင်ကျော်ကျော်က ဆက်လက်ရှင်းပြသည်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကာကွယ်ထိန်းသိမ်းနိုင်ရန် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန် (Ancient Monumental Zone)၊ ရှေးဟောင်းနေရာတည်ရှိရာဇုန် (Ancient Site Zone) နှင့် ကာကွယ်ထိန်းသိမ်းထားသောဇုန် (Protected and PreservedZone) အဖြစ် ပညာရှင်များပူးပေါင်း၍ သတ်မှတ်ထားသည်။
လက်ရှိ ၂ဝ၁၉ ခုနှစ် ပထမခြောက်လတာအတွင်း ပုဂံဒေသသို့ ခရီးသွားဧည့်သည် ၂၁ဝ,ဝဝဝ ကျော် ဝင်ရောက်ထားပြီး ယခင်နှစ်ကာလတူထက် ကိုးသောင်းကျော် ပိုမိုဝင်ရောက်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ပုဂံဌာနခွဲ၏ စာရင်းများအရ သိရသည်။ ပုဂံဒေသသည် နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် သုံးသိန်းကျော် ဝင်ရောက်လေ့ရှိပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီးနောက် ခရီးသွားဧည့်သည်များ ပိုမိုများပြားလာနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက မျှော်မှန်းထားသည်။
ပုဂံဒေသတွင် ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်ပြီး ခရီးသည်များ တည်းခိုရန်ဟိုတယ်ကြီးများ ရင်းနှီးမြှုပ်နှံမှုများထက် ဒေသခံများ ပါဝင်နိုင်သော အမွေအနှစ် ရိုးရာမပျက် အိမ်ပုံစံငယ်များ ဆောက်လုပ်နိုင်ကြောင်းလည်း အမွေအနှစ်ဆိုင်ရာ စီမံခန့်ခွဲရေးပညာရှင် Mr Kai Weise က အကြံပြုထားသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ