By Myanmar Times, Shweproperty.com
Updated at 4 April 2016
ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာတွင် စင်ကာပူအခြေစိုက် i-Land Park Myanmar ကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် စက်မှုမြို့တော်စီမံကိန်းသည် လာမည့် ၂၀၁၇ ခုနှစ် ပထမလေးလပတ်တွင် တည်ဆောက်ရေး လုပ်ငန်းအားလုံး ပြီးစီးမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ပြောသည်။
အဆိုပါစက်မှုဥယျာဉ်မြို့တော်စီမံကိန်း ကို ၂၀၁၅ ခုနှစ် နှစ်ဆန်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး မြေဧက ၁၈၂ ဧက အကျယ်အဝန်းပေါ် တွင် စက်မှုမြို့တော်စီမံကိန်းအဖြစ် ဆေးဆိုး ပန်းရိုက်လုပ်ငန်း၊ အိတ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်ကုမ္ပဏီများနှင့် အထည်ချုပ် လုပ်ငန်းများ ပါဝင်ရန်လျာထားကြောင်း ကုမ္ပဏီက ပြောသည်။
"ကျွန်တော်တို့ ဒီစက်မှုဥယျာဉ်တည်ထောင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြည်ပစက်မှု လုပ်ငန်းတွေ မြန်မာပြည်မှာလာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတိုးတက်ဖို့နဲ့ မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်အခွင့် အလမ်း ပိုမိုရရှိလာစေဖို့ပါ။ နည်းပညာပိုင်း ဆိုင်ရာတွေ ပိုပြီးဖွံ့ဖြိုးလာဖို့ ရည်ရွယ်ပြီး ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံဖြစ်ခဲ့တာပါ" ဟု ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ တမ်ချီဝါ့တယ်ရီက ပြောသည်။ စီမံကိန်းအတွင်း စုစုပေါင်း ၄,၀၃၀ မီတာရှည်လျားသည့် လမ်းများတည်ဆောက်ခြင်း၊ ရေသွယ်တန်းမှုနှင့် ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ခြင်း၊ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးစနစ်တို့ကို ထည့်သွင်း ဆောက်လုပ်သွား မည်ဖြစ်သည်။
"ကျွန်တော်တို့ စက်မှုဇုန်အတွက် လမ်းတွေကို အရင်ဦးစားပေး တည်ဆောက် သွားပါမယ်။ ၃၂ မီတာရှိတဲ့ အဓိကလမ်းမကြီး နဲ့ ၂၆ မီတာရှိတဲ့ လမ်းမအသေးနှစ်ခုကို တည် ဆောက်သွားပါမယ်။ရေလိုအပ်ချက်အတွက် မြေအောက်ရေတူးဖော်တာတွေ၊ ရေကိုစုပ်တင်ပြီး အကွက်တစ်ခုချင်းစီကို ပိုက်လိုင်းနဲ့ ဆက်သွယ်ဖြန့်ဝေမှုစနစ်တွေပါ တည်ဆောက်သွားမှာပါ။ လျှပ်စစ်မီးကိုတော့ ပဲခူးမြို့ဓာတ်အားလိုင်းကနေယူပြီး ဖြည့်ပေးပါမယ်" ဟု ကုမ္ပဏီ၏ တာဝန်ရှိသူ ဒေါ်မြတ် မွန်ခိုင်က ပြောသည်။ စီမံကိန်းတွင် စက်မှုဇုန်လုပ်ငန်းများကို အဓိကထားလုပ်ကိုင်မည်ဖြစ်ရာ စက်မှု ဇုန်အတွင်း ဆေးဆိုးပန်းရိုက်လုပ်ငန်းများ ပါဝင်မည်ဖြစ် သဖြင့် စီမံကိန်းကြောင့် ဖြစ်ပေါ် လာနိုင်သည့် ထိခိုက်မှုများဆန်းစစ်သည့် ပတ်ဝန်းကျင်ထိခိုက်မှု ဆိုင်ရာ စစ်ဆေးသည့် လုပ်ငန်းကို E-guard Environmental Services ကုမ္ပဏီနှင့် ဆောင်ရွက် လျက်ရှိ ကာ ပတ်ဝန်းကျင်ထိခိုက်နိုင်မှုဆိုင်ရာကိစ္စရပ် များအတွက် မတ် ၂၄ ရက်က ကုမ္ပဏီနှင့် ဒေသခံ များတွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါစက်မှုမြို့တော်စီမံကိန်းဆောက် လုပ်မည့် ဘောနတ်ကြီးကျေးရွာသည် လူဦးရေ ၇၀၀ ကျော်ခန့်သာရှိပြီး ၅၀ ခန့် သာ လယ်လုပ်ငန်း လုပ်ကိုင်သည့်အတွက် ယင်းစက်မှုဇုန်၏ အလုပ်အကိုင်အခွင့် အလမ်းအပေါ် အားကိုးသော်လည်း စက်မှုဇုန် ကြောင့် ၎င်းတို့၏ ရွာကို ထိခိုက်မှုမဖြစ်စေ ရန် လိုလားကြောင်း ဘောနတ်ကြီးကျေးရွာ ဒေသခံ ဦးကျော်ကောင်းရွှေက ပြောသည်။ "ကျွန်တော်တို့ရွာသူရွာသားတွေအနေနဲ့ အခုလို စက်ရုံ၊ အလုပ်ရုံတွေ ပေါ်ပေါက်လာ မှာကိုတော့ အရမ်းဝမ်းသာမိပါတယ်။ ဒါပေမဲ့ ဘုံပိုင်၊ စက်ရေတွင်းတွေ မတူးနိုင် တော့ ချောင်းရေကိုပဲ မှီခိုနေရတဲ့အတွက် ချောင်းရေညစ်ညမ်းမှု မဖြစ်အောင်တော့ ကြိုတင် စဉ်းစားပေးချင်ပါတယ်" ဟု ၎င်းက ပြောသည်။
ကုမ္ပဏီအနေဖြင့်လည်း ရေဆိုးစွန့်ပစ် သည့်နေရာတွင် Proper Drain ဖြင့် စနစ် တကျပြုလုပ်သွားမည်ဖြစ်သည့်အတွက် မြေ အောက်ရေကို ထိခိုက်မှုနည်းပါးမည်ဖြစ်ကြောင်းနှင့် ဒေသခံများအတွက် ရေတွင်းတူးဖော်ပေးသွားမည်ဖြစ်သည်ဟု သိရသည်။ "ကျွန်တော်တို့ကုမ္ပဏီက မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ ပတ်ဝန်းကျင်နဲ့ ဒေသခံတွေ ထိခိုက်မှုမရှိတဲ့ စက်မှုဇုန်တစ်ခုအနေ တည်ဆောက်သွားမှာဖြစ်ပါတယ်" ဟု မစ္စတာတယ်ရီက ပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ