By Myanmar TImes, Shweproperty.com
Updated at 29 July 2015
ရန်ကုန်မြို့သစ်စီမံကိန်းများအဖြစ် အရှေ့ပိုင်းမြို့သစ်စီမံကိန်းများ၊ အနောက်တောင်ပိုင်းမြို့သစ်စီမံကိန်းများကို အကောင်အထည်ဖော် လုပ်ဆောင်နေသော်လည်း အခြေခံအဆောက်အအုံ များဆောက်လုပ်ရာတွင် အားနည်းမှုများစွာရှိနေကြောင်းကျွမ်းကျင်သူများက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ယခုနှစ် ဇွန်လကအတည်ပြုခဲ့သော မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀အရဦးစားပေးမြို့နယ်များဖြစ်သည့် ရန်ကုန်အရှေ့ပိုင်းမြို့သစ်များအပြင် ယခုလအတွင်း နိုင်ငံပိုင် သတင်းစာများတွင် တင်ဒါခေါ်ယူထားသော (ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်)ရန်ကုန်မြို့သစ်စီမံ ကိန်းများအရ မြို့သစ်များကိုဖော်ဆောင်နေသော်လည်း မြို့သစ်တစ်ခုအတွက် မဖြစ်မနေထည့်သွင်း တည်ဆောက်ရန် လိုအပ်သော အခြေခံအဆောက်အအုံများ ထည့်သွင်းတည်ဆောက်မှု များမှာလွန်စွာအားနည်းနေကြောင်းမြို့ပြပညာရှင်များက ပြောသည်။
“မြို့သစ်တွေ တည်ဆောက်မယ်ဆိုရင် မြေကွက်ကို အကွက်ချရောင်းပြီး ဖော်နေသလိုဖြစ်နေတယ်။ ဘယ်လောက် စတုရန်းမီတာမှာ ဘယ်လိုအခြေခံအဆောက်အအုံမျိုးကို ထည့်သွင်းတည်ဆောက်မယ်ဆိုတာ တိကျတဲ့မူဝါဒတို့၊ စီမံချက်တို့ မရှိဘူး။ စီမံကိန်းအသစ်တွေ အကောင်အထည်ဖော်မယ်ဆိုရင် ်နေရာဘယ်လောက်အကျယ်မှာ လူဦးရေ ဘယ်လောက်တိုးတက်လာမယ်။ သူတို့အသုံးပြုမယ့်အမှိုက်တို့၊ ရေဆိုးစတာတွေကို သေချာတွက်ချက်ထားတာမျိုးလည်းမရှိဘူး။ သုတေသနပြုလုပ်တာ အရမ်းအားနည်းတယ်။ အကောင်အထည်ဖော်မယ့် စီမံကိန်းအသစ်အတွက် တိကျတဲ့ သုတေသနပြုလုပ်တာတွေ လိုအပ်တယ်”ဟု အိမ်ခြံ မြေအကြံပေးနှင့် အာရှဆောက်လုပ်ရေး လုပ်ငန်းအထွေထွေမန်နေဂျာဦးရန်အောင် က ပြောသည်။
ယခုမှတည်ထောင်သော မြို့သစ်များသာမက ယခင်ကတည်းကတည်ထောင်ခဲ့aသာ မြို့သစ်များတွင်ပင် အခြေခံအဆောက်အအုံများ အားနည်းလျက်ပင်ရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ရန်ကုန်မြို့နယ်မှာ မြို့သစ်တည်မယ်ဆိုရင် မြို့အင်္ဂါရပ်တွေနဲ့ ညီညွတ်စေမယ့် အခြေခံအဆောက်အအုံစီမံကိန်းတွေကို ထည့်သွင်းတည်ဆောက်ခဲ့တာမျိုး မရှိတာက ၁၉၅၈-၆၀ ခုနှစ်လောက်ကမြို့သစ်တွေ စတည်ခဲ့တဲ့အချိန်ကတည်းကပါပဲ။အခုမှစတင်တည်တဲ့မြို့သစ်တွေမပြောနဲ့လွန်ခဲ့တဲ့ နှစ်ငါး ဆယ်ကျော်လောက်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ မြို့သစ်တွေဖြစ်တဲ့တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ နဲ့ သုဝဏ္ဏမြို့သစ်တွေမှာတောင် အခြေခံအဆောက်အအုံအားနည်းတာတွေရှိခဲ့လို့ ခုမှ ဖွံ့ဖြိုးကာစမြို့နယ်အဆင့် လောက်ပဲရှိသေးတယ်”ဟု ဦးရန်အောင်က ပြောသည်။
ဦးစွာ အကောင်အထည်ဖော်လျက်ရှိသော ရန်ကုန်အရှေ့ပိုင်းမြို့သစ်စီမံကိန်းက မြို့သစ်များကို ပိုမိုဖွံ့ဖြိုးစေရန်အခြေခံအဆောက်အအုံပိုင်းကို အကောင်အထည်ဖော်မှုများကို ပြီးစီးအောင် မပြုလုပ်ဘဲရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်စီမံကိန်းများကို ထပ်မံပြုလုပ်နေသည့်အပေါ်လည်း ကျွမ်းကျင်သူများက ဝေဖန်ကြသည်။ အိမ်ခြံမြေအတိုင်ပင်ခံတစ်ဦးဖြစ်သူ ဦးမြတ် မင်းကလည်း “ရန်ကုန်မြို့မှာ မြို့သစ်တွေက တစ်မြို့ပြီး တစ်မြို့တိုးလာပေမယ့် အခြေခံ အဆောက်အအုံတွေသာ မဆောက်ပေးနိုင်ဘူးဆိုရင် အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်တဲ့ မြို့သစ်တွေ ဖြစ်လာဖို့မလွယ်ဘူး၊ မြို့သစ်တွေ အများကြီးတည်နေမယ့်အစား မြို့သစ်အနည်းငယ်ကိုပဲ ရွေးချယ်ပြီး အခြေခံအဆောက်အအုံတွေ ပြည့်ပြည့်စုံစုံဆောက်ပေးပြီး တကယ်နေနိုင်ဖို့ လုပ်ပေးသင့်တယ်။ မြို့သစ်တွေကဈေးကစားရာမြေကွက်တွေသက်သက်ပဲ မဖြစ်သင့်တော့ပါဘူး” ဟု ပြောသည်။
မြို့ပြစီမံကိန်းအရ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ ရေပေးဝေရေး၊ လျှပ်စစ်မီး၊ ရေမြောင်း၊ မိလ္လာစနစ်၊အမှိုက်သိမ်းစနစ်နှင့် လူနေထိုင်မှုဆိုင်ရာ အခြေခံအဆောက်အအုံများဖြစ်သည့် စာသင်ကျောင်း၊ ဆေးရုံ၊ ဈေး၊ ကစားကွင်းနှင့် ပန်းခြံ စသည်တို့ကိုလည်း ထည့်သွင်းတည်ဆောက်ပေးရန် လိုအပ်သည်။ ရန်ကုန်မြို့တော် ပိုမိုကျယ်ပြန့်စေရန်မြို့သစ်များတိုးချဲ့ခြင်းအပြင် အခြေခံအဆောက်အအုံများအဆင့်မြှင့်တင်ခြင်းများဖြစ်သည့်လမ်း၊ မြစ်ကူးတံတားနှင့် မြေအောက်တူးမြောင်းများ ဖောက်လုပ်ခြင်းများကိုလည်းပြုလုပ်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၉ ရက်နေ့က လွှတ်တော်သို့ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် တင်သွင်းသော အစီရင်ခံစာတွင် ဖော်ပြထားသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ