By Messenger, Shweproperty.com
Updated at 8 September 2015
ရန်ကုန်မြို့အတွင်း အထပ်မြင့် ကန်ထရိုက် အဆောက်အအုံများ ဆောက်လုပ်ပြီးပါက လူနေထိုင်ခွင့်ကို သုံးရက်အတွင်း ခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။
ယခင်က ရပ်ကွက်များ အတွင်း အထပ်မြင့် အဆောက်အအုံများ လူနေထိုင်ခွင့် လျှောက်ထားရာတွင် အနည်းဆုံး အချိန် တစ်လကျော် ကြာမြင့်ခဲ့သော်လည်း ယခုအခါ အများဆုံး သီတင်းပတ်မှ အနည်းဆုံး သုံးရက်အတွင်း ခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။
''စည်ပင်ရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ကိုက်ညီရင်တော့ ခွင့်ပြုပေးမယ်။ လုပ်ထုံးလုပ်နည်း မမှန်တာတို့ ၊ တရား မဝင်တာတွေ ဆိုရင်တော့ လုံးဝခွင့်ပြုပေးမှာ မဟုတ်ဘူး'' ဟု ယင်းဌာနမှ ဌာနမူး တစ်ဦးက ပြောသည်။
ရပ်ကွက်များ အတွင်းရှိ အထပ်မြင့် အဆောက်အအုံများ လူနေထိုင်ခွင့် လျှောက်ထားရာတွင် ခွင့်ပြု အဆောက်အအုံ ပုံစံငယ်၊ တရားဝင်ခွင့်ပြုထားသည့် စာရွက် စာတမ်းများနှင့် သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်များ ပူးတွဲ တင်ပြရမည် ဖြစ်ကြောင်း သိရသည်။
အချက်အလက်များ ပြည့်စုံစွာ တင်ပြသည့် သူများကို လူနေထိုင်ခွင့် အမြန်ဆုံး ခွင့်ပြုပေးမည် ဖြစ်ပြီး အဆိုပါ အချက်အလက်များ ပူးတွဲမတင်ပြနိုင်ပါက အချိန် ကြန့်ကြာနိုင်ကြောင်း ယင်းဌာနမှ သိရသည်။
"'အခုဆို ဆောက်တာက ပြီးနေပြီ၊ လူနေထိုင်ခွင့် မကျသေးတဲ့ အတွက် အပြင်မှာ သွားပြီး ငှားနေရတယ်။ အဲဒီမှာ လေးလလောက် ကြာတော့ မလိုအပ်ဘဲ ကုန်ကျစရိတ်ကပါ များကုန်တယ်'' ဟု သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉) ရပ်ကွက်၌ နေထိုင်သူ မြေရှင် ဒေါ်အေးအေးမြင့်က ဆိုသည်။
ရပ်ကွက်များ အတွင်း အထပ်မြင့် အဆောက်အအုံများကို လူနေထိုင်ခွင့် လျှောက်ထားခြင်းမပြုဘဲ လူနေထိုင်ခြင်းများကို တွေ့ရှိပါက စည်ပင်ဥပဒေနှင့်အညီဒဏ်ကြေး ကောက်ခံသွားမည့်အပြင်လျှပ်စစ်မီးကိုလည်း ဖြတ်တောက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။
Ref : Messenger
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ