By Myanmar Times, Shweproperty.com
Updated at 28 July 2015
မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ အပြောင်းအလဲတွေကို မျှော်လင့်နေပေမယ့် လက်ရှိအနေအထားအရ အရောင်းအဝယ်သွက်ဖို့ အခြေအနေ နည်းပါးနေဆဲဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။ အိမ်ခြံမြေဈေးကွက်မှာ အရောင်းမကောင်း၊ အဝယ်မကောင်းဖြစ်နေတာဟာအချိန် နှစ်နှစ်နီးပါးကာလကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီအချိန်အထိ ရောက်လာခဲ့ပေမယ့် အကောင်းဘက်ကိုမျှော်လင့်နိုင်တဲ့ အရိပ်အယောင်မျိုး သန်းမလာသေးဘူး လို့မြို့သစ်က အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်အတွင်း အိမ်ခြံမြေ အရောင်းအဝယ်လုပ်ရာမှာ ကျင့်သုံးဖို့သတ်မှတ်တဲ့မြို့နယ်အလိုက် တစ်ဧကစံနှုန်းသတ်မှတ်ချက်တွေ ထွက်လာ ပြီးတဲ့နောက်ပိုင်းမှာလည်း အိမ်ခြံမြေအရောင်းအဝယ်ဟာ ထူးထူးခြားခြားသွက်လက်လာခြင်း မရှိခဲ့ပါဘူး။ တစ်ဧကစံနှုန်းသတ်မှတ်ချက်တွေဟာ လက်တွေ့မှာ အရောင်းအဝယ်ဖြစ်နေတဲ့ပေါက်ဈေးတွေနဲ့ နှိုင်းယှဉ်ရင် တချို့နေရာတွေမှာ များပြားနေတယ်၊ အခွန်နှုန်းကများတယ်ဆိုတဲ့ အကြောင်းပြချက်တွေ ရှိခဲ့ပေမယ့်လည်း၊ အရောင်းအဝယ်မကောင်းတာဟာ အဲဒါတွေအပြင် တခြားအရေးပါတဲ့အကြောင်း ရှိနေကြောင်းလည်း အိမ်မြေ အကျိုးဆောင်တွေက သုံးသပ်ကြပါတယ်။ အထူးသဖြင့် ငွေကြေးရင်းနှီးမြှုပ်နှံလည်ပတ်မှုများတဲ့ တခြားစီးပွားရေးလုပ်ငန်း တချို့ နှေးကွေးတာကြောင့်ပါကြောင်း ဆိုကြ ပါတယ်။ ကျောက်စိမ်း ကျောက်မျက်ဈေးကွက်အေးနေတာမျိုးအပြင်၊ ငြိမ်သက်နေတဲ့ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်လုပ်ဖို့ တွန့်ဆုတ်နေကြတာမျိုးက အိမ်ခြံမြေဈေးကွက်ကိုတစ်ပူပေါ်နှစ်ပူဆင့်ဖြစ်နေစေတယ်လို့ သိရပါတယ်။ လတ်တလောမှာ ကျပ်သိန်းသောင်းဂဏန်းနားကို ဈေးခေါ်တာများပြားတဲ့မြို့ တွင်း အိမ်ခြံမြေအကွက်အကွင်းတွေဟာ မြို့သစ်အိမ်ခြံမြေဈေးကွက်ထက် အရောင်းအဝယ် ပိုမိုနှေးကွေးနေနိုင်ကြောင်း အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။ မြို့သစ် အိမ်မြေဈေးကွက်မှာလည်း ကျပ်သိန်း ၁,၅၀၀ ကနေ သိန်း ၃,၀၀၀ ဝန်းကျင်ဈေးနှုန်းရှိတဲ့ အိမ်မြေတွေသာ အလုပ်ဖြစ်ဖို့များပြီး အမှန်တကယ်နေထိုင်ဖို့ လိုအပ်သူတွေနဲ့သာ အလုပ်ဖြစ်ဖို့များကြောင်း ဆိုပါ တယ်။ ဈေးကွက်ပုံမှန်ပြန်လည်ပတ်ဖို့ မျှော်လင့်နေသူတချို့ကတော့ လာမယ့်ရွေးကောက်ပွဲပြီး နောက်ပိုင်းကာလကို မျှော်လင့် ချက်ထားပြီး၊အရောင်းအဝယ်ငြိမ် နေပေမယ့် နေရာကောင်းတွေရဲ့ဈေးနှုန်းတွေကတော့ ကျဆင်းဖို့ခက်တယ်လို့ သုံးသပ်ကြပါတယ်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ