By eleven media group, Shweproperty.com
Updated at 30 December 2014
မြန်မာ့အိမ်ခြံမြေဈေးကွက်သည် အစိုးရသစ်တက်လာသည့် ၂ဝ၁၁ ခုနှစ် နောက်ပိုင်းမှစ၍ တရိပ်ရိပ်တက်လာခဲ့သည်။ ယင်းသို့ အိမ်ခြံမြေဈေးကွက် တက်လာသည့်အပိုင်းတွင် ပုံမှန်တက်လာခြင်းမျိုးမဟုတ်ဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် ဈေးကစားရန် ကိုင်ထားသော လက်ကြီးသမားများကြောင့် ယင်းကဲ့သို့ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ အိမ်ခြံမြေအား လက်ကြီးသမားများက ချုပ်ကိုင်ထားသကဲ့သို့ လုပ်ပိုင်ခွင့်ရှိသူများ နှင့် နီးစပ်သူများကလည်း ချုပ်ကိုင်ထားကြောင်း၊ ထို့အတူ တပ်မြေသိမ်းမှုများကြောင့် အိမ်ခြံမြေဈေးသည် တရိပ်ရိပ်တက်လာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂ဝဝ၇ ခုနှစ် မှစ၍ ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ပါက ဝင်ငွေရလမ်း ဖော်ပြစရာမလိုဟူသော ပြဠာန်းကြောင့် အိမ်ခြံမြေဈေးကွက်သို့ ငွေမည်းအများအပြား ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းအနေအထားမှ ၂ဝ၁၁ ခုနှစ်နောက်ပိုင်း အပြောင်းအလဲကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် အဆိုပါ ငွေမည်းသမားများက အိမ်ခြံမြေကို ကိုင်ထားခဲ့သည့်အတွက် ၂ဝ၁၄ ခုနှစ်သည် အိမ်ခြံမြေဈေးနှုန်းအမြင့်ဆုံး ရောက်နေသည့်အနေအထားဖြစ်ကြောင်း သိရသည်။ အလားတူ အစိုးရ Project များ ကလည်း အိမ်ခြံမြေဈေးနှုန်းကို မီးလောင်ရာလေပင့်သကဲ့သို့ ဖြစ်နေကြောင်း၊ ဥပမာ-ဟံသာဝတီလေယာဉ်ကွင်း ဖောက်လုပ်မည်ဆိုသည့်သတင်းကြောင့် ပဲခူးတစ်လျှောက် အများအပြား လိုက်လံဝယ်ယူမှုများရှိကြောင်း၊ သီလဝါစက်မှုဇုန် အကောင်အထည်ဖော်လာသည့်အခါတွင် တွံတေးဘက်တစ်ကြောတွင် အရောင်းအဝယ် သိသိသာသာမြင့်တက်ခဲ့ကြောင်း၊ ထို့အတူ လှိုင်သာယာတွင် အကောင်အထည်ဖော်မည့် စီမံကိန်းကြောင့် ထန်းတပင်အထိ ဝယ်အားများမြင့်တက်ခဲ့ကြောင်း၊ ယင်းသို့ ဝယ်ယူသူများမှာ ဝင်ငွေရလမ်းဖော်ပြရန်မလိုသော လူတစ်စုသာဖြစ်နေသည်။ ယင်းသို့ အိမ်ခြံမြေဈေးကွက် သို့ ငွေမည်းများ ဝင်ရောက်လာသည့်အတွက် သာမန်ပြည်သူများအတွက် အိုးပိုင်အိမ်ပိုင်နှင့် နေနိုင်ရေးသည် ပိုမို၍ခဲယဉ်းလာကြောင်း၊ နိုင်ငံတော်မှ ဆောင်ရွက်ပေးနေသော တန်ဖိုးမျှတအိမ်ရာစီမံကိန်းများနှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများမှာလည်း ပြည်သူများ လက်လှမ်းမမီနိုင်သည့် အနေအထားတွင်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်ကို ထိန်းချုပ်မည်ဆိုပါက တရားမဝင်ဈေးကွက်များနှင့် ငွေမည်းသမားများအား မနှိမ်နင်းနိုင်ပါက ထိန်းချုပ်ရန်ခက်မည်ဖြစ်ကြောင်း၊ အဆိုပါငွေမည်းသမားများက နောင်လာမည့်ဈေးကွက်ကို မျှော်မှန်း၍ ဈေးအဆမတန်ပေး၍ မြေကွက်များ လိုက်လံဝယ်ယူမှုသည် သာမန်ပြည်သူလူတို့အား ပို၍ အလှမ်းဝေးစေသော လုပ်ရပ်များ ဖြစ်စေခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံ၌ နိုင်ငံခြားသား မြေပိုင်ခွင့်မရှိသော်လည်း မြန်မာမှတ်ပုံတင်ကိုင်ထားသော တရုတ်လူမျိုးများအား ကြားခံ၍ တရုတ်လုပ်ငန်းရှင် အများအပြား အိမ်ခြံမြေဈေးကွက်တွင် ခြေချင်းရှုပ်လျက်ရှိသည်ကို တွေ့ရသည်။ အဓိကအားဖြင့် သစ်မှောင်ခို၊ ဘိန်းအရောင်းအဝယ်လုပ်ခြင်းမှ ရသည့်ငွေများနှင့် အခြားလာဘ်ပေးလာဘ်ယူခြင်းမှ ရသောငွေများကို အလားအလာရှိသည့်အိမ်ခြံမြေဈေးကွက်တွင် ဝင်ရောက်မြှုပ်နှံလာကြသဖြင့် အိမ်ခြံမြေဈေးနှုန်းများသည် နိုင်ငံတကာလုပ်ငန်းရှင်များပင် လက်လှမ်းမမီသည့်အဆင့်သို့ ရောက်ရှိလာခဲ့သည်မှာ မဖြစ်သင့်သော အနေအထားဖြစ်ကြောင်း သုံးသပ်ကြသည်။ စီးပွားရေးတံခါးဖွင့်ထားသော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရမည့်အချိန်တွင် အဆိုပါရင်းနှီးမြှုပ်နှံမှုများက အိမ်ခြံမြေဈေးနှုန်းများကြောင့် လုပ်ကိုင်ရန်ခက်ခဲနေခြင်းမှာလည်း တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသောအကြောင်းများ ဖြစ်သည်။ လက်ရှိတွင် ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ပါက ဝင်ငွေရလမ်းဖော်ပြစရာမလိုစနစ်ကို ပယ်ဖျက်လိုက်ပြီး အိမ်ခြံမြေရောင်းဝယ်မှုများတွင် အမျိုးအစားအလိုက် အခွန်ကောက်ခံမှုများရှိသော်လည်း အဆိုပါ အခွန်စနစ်သည် အခွန်ရှောင်တိမ်းသူများကို အရေးမယူနိုင်ခြင်းကြောင့် သာမန်ပြည်သူများ၏ ရောင်းဝယ်မှုများကိုသာ စည်းကြပ်သကဲ့သို့ဖြစ်နေသည့်အတွက် အိမ် ခြံမြေတန်ဖိုးမြင့်တက်မှုအပြင် ပြည်သူများက အခွန်အတွက်ပါ ပိုမိုထည့်ဝင်သုံးစွဲလာရကြောင်း သိရသည်။ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သည့် UNODC ၏ ၂ဝဝ၉ ခုနှစ် ခန့်မှန်းချက်အရ ကမ္ဘာပေါ်တွင် ငွေကြေးခဝါချမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ထရီလျံအထိရှိနေကြောင်း၊ ယင်းပမာဏမှာ ကမ္ဘာ့ GDP ၏ ၂ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် ငွေကြေးခဝါချမှုပမာဏနှင့် ပတ်သက်၍ လေ့လာဆန်းစစ်ထားသည့်စစ်တမ်း မရှိသေးသော်လည်း ကမ္ဘာပေါ်တွင် ငွေကြေးခဝါချမှုဖြစ်စဉ် မရှိသည့်နိုင်ငံဟူ၍ မရှိသောကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း အနည်းဆုံး GDP ၏ ၂ ဒသမ ၇ ရာခိုင် နှုန်းရှိနိုင်ကြောင်း ငွေကြေးထောက်လှမ်းရေးအဖွဲ့မှ သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ၂ဝဝ၂ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ ဖော်ထုတ်နိုင်ခဲ့သည့် ငွေကြေးခဝါချမှု ၇ဝ ကျော်တွင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း ၂ဝဝ ခန့် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ အဓိကအားဖြင့် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတို့နှင့် ဆက်စပ်မှုရှိကြောင်း အဆိုပါတပ်ဖွဲ့မှ သိရသည်။ ၂ဝ၁၂ ခုနှစ်တွင် အစိုးရက လယ်ယာမြေကို ပေါင်နှံရောင်းချခွင့်အပါအဝင် အခြားစီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်ပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများရှိ အိမ်ခြံမြေဈေးနှုန်းများသည် ၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်းမြို့ကြီးများဈေးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ လယ်ယာမြေ နှင့် ယခင်အစိုးရလက်ထက်က ချပေးခဲ့သည့်ပါမစ်မြေများမှာ တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်များ၏ ဈေးကစားရာ နေရာတစ်ခုဖြစ်လာကြောင်း သိရသည်။ ထို့အတူ နိုင်ငံသားအမည်ခံ နိုင်ငံခြားသားပိုင်ဆိုင်သည့်စက်ရုံ များလာသည့်အတွက် ပြန်လည်မှတ်ပုံတင်ရန်ကိုပင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ခဲ့ရသည်အထိ တရားမဝင်ငွေကြေးများ နည်းလမ်းမျိုးစုံဖြင့်ဝင်ရောက်ခဲ့ပြီး အိမ် ခြံမြေကဏ္ဍတွင်လည်း ဝင်ငွေရလမ်း မဖော်ပြနိုင်သောငွေများစွာ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
Ref : Elenen media group
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ