By TheVoice, Shweproperty.com
Updated at 5 August 2014
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် အိမ်ရာများမှ တိုက်ခန်းများအားလုံး စုစုပေါင်း ၁၂၀၀ ခန်းကို ရောင်းချပြီးစီးပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။
အဆိုပါ အိမ်ရာများကို အရစ်ကျ ငွေပေးချေစနစ်ဖြင့် ရောင်းချခြင်း ဖြစ်ပြီး အခန်းတန်ဖိုးအလိုက် ကာလအပိုင်းအခြား ကွာခြား၍ ငွေပေးချေရခြင်း ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
“အခန်းတွေက ဆောက်လို့တော့ မပြီးသေးဘူး။ အကုန်လုံးတော့ ရောင်းပြီးသွားပါပြီ” ဟု အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။
အခန်း ၄၀၀ ခန်းပါ ဗိုလ်ဗထူးအိမ်ရာမှ တိုက်ခန်းများကို မဲစနစ်ဖြင့် မေလ တတိယပတ်အတွင်းက ပြည်သူများထံသို့ စတင်ရောင်းချခဲ့ခြင်း ဖြစ်ပြီး အခန်း ၈၀၀ ခန်းပါ ဗိုလ်မင်းရောင် အိမ်ရာမှ တိုက်ခန်းများကို ဇွန်လ ၇ ရက်နေ့တွင် လုပ်သက် နှစ် ၂၀ ရှိ အစိုးဝန်ထမ်းများကို စတင် မဲနှိုက်ခွင့်ပြုခဲ့ကာ ဇွန်လ ၂၄ ရက်နေ့တွင် အများပြည်သူ၊ အငြိမ်းစား ဝန်ထမ်းများ၊ ကုမ္ပဏီ ဝန်ထမ်းနှင့် အသင်းအဖွဲ့များမှ ဝယ်ယူလိုသူများကို မဲနှိုက်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
“တကယ်တော့ ပြည်သူတွေဆီ ရောင်းချမယ့် အိမ်ရာတွေမှာ တန်ဖိုးကို ဦးစားပေးပြီး ဆောက်တာထက် ခိုင်ခံ့မှုက အရေးကြီးပါတယ်။ ဒီလို တန်ဖိုးနည်း အိမ်ရာတွေ ဆောက်လုပ်ခြင်းဟာ ဒီတိုက်ခန်းတွေ ဟောင်းသွားတဲ့ အချိန်မှာ၊ အဆင့်မြှင့်တင်မှုတွေ ပြန်လုပ်တဲ့အချိန်မှာ ပြဿနာ ရှိနိုင်ပါတယ်” ဟု သုံးရာသီ ဆောက်လုပ်ရေး ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးကိုကိုလေးက ဆိုသည်။
လတ်တလော ဆောက်လုပ်လျက် ရှိသော အိမ်ရာများမှာ ယနေ့ခေတ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက ဈေးနှုန်း မျှတသည်ဟု ဆိုနိုင်ကြောင်း ၎င်းက ပြောဆိုသည်။
မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ တည်ဆောက်လျက် ရှိသော လှိုင်သာယာမြို့နယ် အတွင်းရှိ အခန်းပေါင်း ၂၄၀ ပါဝင်သည့် ရွှေလင်ဗန်း အိမ်ရာမှ တိုက်ခန်းများကို ဇူလိုင်လ ၃၁ ရက်နေ့မှ စတင် ရောင်းချပေးလျက် ရှိပြီး အဆိုပါ အခန်းများကို ဝယ်ယူလိုပါက သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးများမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။
Ref : The Voice
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ