By Eleven Media Group, Shweproperty.com
Updated at 13 October 2015
ရန်ကုန်မြို့ရှိ ရှေးဟောင်း အမွေအနှစ် ဈေးကြီးတစ်ခုဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ဈေးကြီး၏ မြောက်ဘက်တန်း နှစ်ထပ်ရုံရှိ ဆိုင်ခန်းပေါင်း ၆၀ ကျော်အား ဖျက်သိမ်းပြီး ယင်းနှင့်ကပ်လျက် တည်ရှိသည့် ရထားပို့ဆောင်ရေး ဧရိယာ (ဘုရားလမ်း ဘူတာ) နှင့် ပေါင်းစပ်၍ အဆင့်မြင့် ယာဉ်ရပ်နားစခန်း စီမံကိန်း လုပ်ဆောင်မည့်အပေါ် ဗိုလ်ချုပ်ဈေးမှ ဆိုင်ခန်းပိုင်ရှင်များက သဘောမတူကြောင်း သတင်းရရှိသည်။
ယင်းစီမံကိန်းနှင့် ပတ်သက်၍ အောက်တိုဘာ ၁၀ ရက်တွင် ဆိုင်ခန်း ပိုုင်ရှင်များ၏ ဆန္ဒသဘောထားကို ရယူခဲ့ရာ ဆိုင်ခန်းပိုင်ရှင်များက သဘောမတူခဲ့ကြခြင်း ဖြစ်သည်။
“ဒီကိစ္စကို လုံး၀ သဘောမတူပါဘူး။ ဘယ်နှနှစ် ကြာမှန်းလည်းမသိ၊ ဘယ်သူနဲ့ လုပ်မှန်းလဲ မသိဘူး” ဟု ဗိုလ်ချုပ်အောင်ဆန်းဈေး မြောက်ဘက်တန်းမှ ဆိုင်ခန်းပိုင်ရှင် ကိုအုန်းဝင်းက ပြောကြားသည်။
ယခု စီမံကိန်း တည်ဆောက်မည့် နေရာတွင် ပါဝင်သည့် ဗိုလ်ချုပ်အောင်ဆန်းဈေး မြောက်ဘက်တန်းသည် ဆိုင်ခန်းပေါင်း ၆၀ ကျော်ရှိပြီး ရွှေ၊ စိန်၊ ကျောက်စိမ်း၊ ပန်းချီ၊ ရှေးဟောင်း ပစ္စည်းများ အဓိက ရောင်းချသည့် နေရာဖြစ်သည်။
“အန်တီတို့ မြောက်ဘက် နှစ်ထပ်ဈေးရုံက ရှေးဟောင်း ဈေးရုံတော့ မဟုတ်ဘူး။ ဒါနောက်ပိုင်းမှ တိုးချဲ့ ဆောက်ခဲ့တာ။ ရှေးဟောင်း မဟုတ်တော့ သူတို့က ဆောက်ချင်တာ။ အန်တီတို့ မြောက်ဘက်ရုံနဲ့ ကပ်လျက်မှာ မီးရထားပိုင်မြေ ၁၀ ပေလောက်ပဲရှိတာ တွေ့ရတယ်။ အဲဒါကို သူတို့က အန်တီတို့ဆိုင်တွေပါ ဖျက်ပြီး ပေါင်းဆောက်မယ့် သဘောပါ။ အန်တီတို့တော့ သဘော မတူပါဘူး” ဟု ဗိုလ်ချုပ်ဈေး မြောက်ဘက်တန်းမှ ဆိုင်ခန်းပိုင်ရှင် တစ်ဦးကလည်း ဆိုသည်။
“ဒီစီမံကိန်းက ရန်ကုန်မြို့၏ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းဖို့ မီးရထားက ဦးစီးလုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ လုပ်တဲ့နေရာမှာ ဘုရားလမ်း ရထားဘူတာနဲ့ ဆက်စပ်နေသည့် မြောက်ဘက်တန်း နှစ်ထပ်ရုံက ဆိုင်ခန်းတွေကလည်း သူနဲ့ တစ်ဆက်တည်း ရှိနေတယ်။ နောက်ဗိုလ်ချုပ်အောင်ဆန်း ဈေးထဲမှာလည်း ယာဉ်ဝင်ထွက်မှု ကျပ်နေတယ်။ ယာဉ်ကျော ကျပ်တည်းမှုကို လျှော့ချချင်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းဈေးရဲ့ ရှေးဟောင်း အဆောက်အအုံထဲမှာ မပါတဲ့ နေရာကို စီစဉ်တာပါ။ ဆိုင်ခန်း ပိုင်ရှင်တွေရဲ့ဆန္ဒမပါရင် မလုပ်ဘူး။ ဆန္ဒရှိရင် လုပ်မယ်။ ဆန္ဒရှိရင်တော့ အဲဒီ ဆိုင်ခန်းတွေကိုဖျက်ပြီး လက်ရှိ အကျယ်ဧရိယာထက် မနိမ့်တဲ့ Factilites လုပ်ပေးပြီးတော့ ပြန်ပေးမှာပေါ့။ သူတို့က ဆန္ဒမပါရင် မီးရထားက သူတို့ အစီအစဉ်အတိုင်း ဆက်လုပ်သွားမယ်။ ဈေးကိုတော့ ဒီအတိုင်းပဲ ထားခဲ့မယ်။ ဒီနေ့ သဘောထား ရယူတော့ သဘော မတူတဲ့ အနေအထား ရှိတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
“သူတို့ ချပြတဲ့ အထဲမှာ ဘယ်ကုမ္ပဏီနဲ့ လုပ်မယ်ဆိုတာ မပါဘူး။ အချိန် ဘယ်လောက် ကြာမယ်ဆိုတာ မပါဘူး။ ဆိုင်ခန်းတွေ ဖျက်ပေးရမှာဆိုတော့ ဒီကာလ အတောအတွင်းမှာ နေရာတစ်ခု ရောင်းဖို့ ပြန်ပေးလည်း အဆင် မပြေနိုင်ဘူး။ ဒါကြောင့် သဘော မတူပါဘူး” ဟု ဗိုလ်ချုပ်အောင်ဆန်းဈေး မြောက်ဘက်တန်းရှိ ဆိုင်ခန်းပိုင်ရှင် ကိုအောင်ကိုက ပြောကြားသည်။
ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန အနေဖြင့် ယခု အဆင့်မြင့် ယာဉ်ရပ်နားစခန်း စီမံကိန်းကို အပိုင်းနှစ်ခုခွဲ၍ လုပ်ဆောင်မည်ဖြစ်ပြီး အပိုင်း A အား မီးရထားပိုင် မြေများတွင် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ အပိုင်း B တွင်မူ ဗိုလ်ချုပ်အောင်ဆန်းဈေး မြောက်ဘက်တန်းရှိ ဆိုင်ခန်းနေရာများ ပါဝင်မည်ဖြစ်ကြောင်း၊ ယခု ဆိုင်ခန်း ပိုင်ရှင်များက သဘော မတူသဖြင့် ၎င်းတို့ပိုင်မြေဖြစ်သည့် အပိုင်း A ကိုသာ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယခု စီမံကိန်း၏ ဒါရိုက်တာ ဦးဘမြင့်က ပြောကြားသည်။
ယခု အဆင့်မြင့် ယာဉ်ရပ်နား စီမံကိန်းတွင် နှစ်ထပ်ကားပါကင်များ ပါဝင်မည်ဖြစ်ပြီး ယင်းအတွက် တင်ဒါခေါ်ယူမည် ဖြစ်ကာ စီမံကိန်းအား ၂၀၁၆ ခုနှစ်တွင် စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး ယင်းအတွက် မြေတစ်ဧကနီးပါး ရှိကြောင်း ၎င်းက ပြောကြားသည်။
Ref : Eleven Media Group
Photo Credit : Family Treasure Travels
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ