By The Trad Times, Shweproperty.com
Updated at 17 July 2015
အစိုးရထံက ဘီအိုတီပုံစံဖြင့် မြေယာရယူပြီး အိမ်ရာနှင့် စီးပွားရေး လုပ်ငန်းသုံအဆောက်အအုံများတည်ဆောက်ကာ ပြန်လည်ရောင်းချနေကြသည့် စီမံကိန်းများသည် ယခုအခါ သိသိသာသာအရောင်းအဝယ်အေးလာကြောင်း ဈေးကွက်အတွင်း လုပ်ငန်းရှင်များက ပြောသည်။
ဘီအိုတီဟု အများခေါ်ကြသည့် တည်ဆောက်၊ လည်ပတ်၊ အပ်နှံ (Build Operate Transfer) စနစ်မှာ မြေကို အစိုးရထံကငှားယူပြီး စီမံကိန်းဆောက်ရွက်ကာ သတ်မှတ်ကာလ ပြည့်ပါကမြေအပါအဝင် စီမံကိန်းကိုပါ အစိုးရထံသို့ ပြန်လည်အပ်နှံရသည့်စနစ် ဖြစ်သည်။
ထိုကိစ္စကိုဝယ်သူများကယခင်ကအကျွမ်းတဝင်မသိရှိခဲ့သော်လည်းယခု နောက်ပိုင်းတွင်ပိုမိုသိရှိလာကြရာအဆိုပါပုံစံဖြင့်ဆောက်သည့်အိမ်ရာများ ကိုကြိုက်နှစ်သက်မှုကျဆင်းသွားသဖြင့်ယခုကဲ့သို့အရောင်းအဝယ်အေးလာခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံအိမ်ခြံမြေအကျိုးဆောင်အသင်း အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင် က ပြောသည်။
“နိုင်ငံခြားမှာတော့ နှစ် ၃၀ နေရမယ့်ကွန်ဒိုမီနီယံဈေး၊ နှစ် ၅၀ ဈေး၊ နှစ် ၇၀ ဈေးနှုန်းတွေကကွာခြားမှုရှိတယ်။ မြန်မာပြည်မှာကျတော့ သိပ်မကွာဘူး။ ဒီမှာက အိမ်တစ်လုံးဝယ်ရင်သားစဉ်မြေးဆက်ပိုင်တယ်လို့ ယူဆထားတာကြောင့် ဘိုးဘွားပိုင် မြေမှာဆောက်တာကို ပိုသဘောကျတာ လည်းပါတယ်”ဟု ၎င်းက ပြောသည်။
အိမ်ဝယ်လိုသူများဘီအိုတီစနစ်နားမလည်သည်ကို ဆောက်လုပ်ရေး ကုမ္ပဏီများကသေချာစွာရှင်းမပြဘဲ ရောင်းချခဲ့မှုများ ရှိခဲ့သဖြင့် ယုံကြည်မှု ပျက်ပြားသွားခြင်းကလည်းဈေးကွက်ကို ထိခိုက်နေကြောင်း အိမ်ရာစီမံကိန်းများကိုဆောင်ရွက်နေသော ကုမ္ပဏီအုပ်စုကြီးဖြစ်သည့် ဇေကမ္ဘာကုမ္ပဏီ ဒုဥက္ကဋ္ဌဖြစ်သူ ဦးဇေသီဟက ပြောသည်။
“ကျွန်တော့်ရဲ့ Z Villas အိမ်ရာဆိုရင် ဒီအကျိုးသက်ရောက်မှုတွေ ဝင်နေတယ်” ဟု ၎င်းကပြောသည်။ထို့ပြင်ရွှေတိဂုံစေတီ အနီးဝန်းကျင်တွင် ဘီအိုတီစနစ်ဖြင့် ဆောက်လုပ်ရန် စီစဉ်ခဲ့ကြသည့် အကြီးစားအိမ်ရာစီမံကိန်းကြီးလေးခုမှာလူထုကန့်ကွက်မှုကြောင့် မကြာသေးမီ ကရပ်တန့်သွားခဲ့ခြင်းကလည်း ဝယ်သူများ၏ အမြင်ကိုသက်ရောက်မှုရှိသည်ဟု အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးစိုင်းခွန်နောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
“ဘီအိုတီနဲ့ နှစ် ၇၀ ရထားတယ်ဆိုပေ မယ့် ဆောက်လုပ်ရေးကုမ္ပဏီနဲ့ အစိုးရ အကြားကစာချုပ်က ဘယ်သူ့ကိုမှပြကြတာ မဟုတ်ဘူးလေ”ဟု ၎င်းကပြောသည်။“ဘီအိုတီစနစ်ရဲ့သဘောသဘာဝအရ နှစ် ၇၀သို့၅၀ပြည့်သွားရင်မူလအစိုးရဌာနရဲ့သဘောအတိုင်း ဖြစ်သွားပြီ။
ဒါကြောင့် သူတို့ဆက်နေခိုင်းရင်လည်း နေရမှာပေါ့။ သိမ်းရင်လည်း သိမ်းသွားမှာပေါ့” ဟု ဦးရန်အောင်က ပြောသည်။ ဦးဇေသီဟကလည်း “ပြီးရင်ပြန်အပ်ရမယ်ဆိုတော့အမှန်အတိုင်းပြောရရင် ရောင်း လို့မရပါဘူး။ဒါကလုံးဝပြောဖို့မလိုတဲ့အကြောင်းအရာဖြစ်ပါတယ်။
တကယ်လို့ ရောင်းချင်တယ်ဆိုရင်တော့ နေထိုင်ခွင့်ကိုပဲ ရောင်းလို့ရပါတယ်။ ပိုင်ဆိုင်ခွင့်ကိုရောင်းလို့မရပါဘူး။ ဒါကိုလည်း မြန်မာစကားလုံးအရ ပိုင်ဆိုင်ခွင့်နဲ့ နေထိုင်ခွင့်ကို ကွဲကွဲပြားပြားမလုပ်တဲ့အတွက် မလိုလားအပ်တာတွေ ဖြစ်လာတာပါ။
နေထိုင်အသုံးချခွင့်ဆိုတာကိုသေချာရှင်းပြပြီး ရောင်းချသင့်ပါတယ်”ဟု ပြောသည်။“ဘိုးဘွားပိုင်မြေတွေရဲ့တစ်ပေပတ်လည် ဈေးနှုန်းကို သုံးသိန်းလောက်နဲ့ ရောင်းတာကို ဘီအိုတီတွေကလည်းအဲဒီဈေးအတိုင်းလိုက်ရောင်းပြီး ပိုင်ဆိုင်ခွင့်နဲ့ မကွဲပြားအောင် လုပ်တော့ ဝယ်သူတွေက ဒွိဟဖြစ်သွားတာတွေလည်းရှိပါတယ်။
အဲဒါကြောင့် ဘီအိုတီ ဈေးနှုန်းဟာ ဘိုးဘွားပိုင်တွေနဲ့ သီးခြားကွာဟမှု ရှိသင့်တယ်။ ဘီအိုတီဈေးနှုန်းကို ဘိုးဘွားပိုင်ဈေးအောက် သိသိသာသာ ခွာရောင်းချသင့်တယ်” ဟုလည်း ၎င်းက ပြောသည်။
“ဝယ်သူကို မလိမ့်တပတ် မလုပ်သင့်ဘူး” ဟုလည်း ဦးဇေသီဟက ပြောသည်။ဒေါ်မို့မို့အောင်က ဘီအိုတီအိမ်ရာ စီမံကိန်းများအနေဖြင့် နေထိုင်ခွင့်ရရှိနိုင် သည့်ကာလအလိုက်ဈေးနှုန်းများကိုခွဲခြားသတ်မှတ်ပြီးရောင်းချသင့်ကြောင်း အကြံပြု ပြီး ဝယ်သူများက အိမ်ရာဝယ်ယူခွင့်အတွက်ကြိုသွင်းငွေပေးစဉ်ကတည်းကပင်စာချုပ်ကို သေချာဖတ်ရှုပြီးမှ ငွေချေသင့်ကြောင်းပြောသည်။ “အရောင်းအဝယ် စာချုပ်မှာလည်း နှစ် ၆၀ သာ နေထိုင်ခွင့်ရှိပြီးပြန်လည်သက်တမ်း တိုးခွင့်မရှိဘူးဆိုတာကိုထင်ထင်ရှားရှားဖော်ပြရောင်းချမယ်ဆိုရင်ဘီအိုတီဟာလည်းအလားအလာပြန်ကောင်းလာမှာပါ။ အခုကတော့ လူထုက ဘီအိုတီဆိုရင် ယုံကြည်မှုပျက်သွားကြတော့ ဘီအိုတီလုပ်ငန်းမှန်သမျှအပေါ်မှာ သက်ရောက်မှု ဖြစ်သွားတဲ့သဘော ဖြစ်သွားပါတယ်”ဟု ဦးဇေသီဟက သုံးသပ်သည်။
ဦးစိုင်းခွန်နောင်ကလည်း ဝယ်သူများ သည် မည်သည့်အိမ်ရာအမျိုးအစားကို ဝယ်ယူသည်ဖြစ်စေကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီးမှသာ ဝယ်ယူရန် သတိပေးသည်။ “နှစ်ကြိမ်လောက်တော့ တိုင်ပင်ပြီးမှ ဝယ်သင့်ပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု(၁)လမ်းထောင့်ရှိဗီယက်နမ်ကုမ္ပဏီက ဆောက်လုပ်နေသည့် မြန်မာစင်တာဟုအမည်ရသော စီမံကိန်းသည် တစ်စတုရန်းပေဈေးနှုန်းအသက်သာဆုံး ဖြစ်နေပြီး နေထိုင်အသုံးပြုခွင့် နှစ် ၅၀ နှင့် ထပ်ပေါင်းသက်တမ်းတိုး ၁၀ နှစ် နှစ်ကြိမ် ငှားရမ်းရရှိနိုင်သည်ဟု ကုမ္ပဏီက ပွင့်လင်းစွာ ပြောကြားထားပြီး ဖြစ်သည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ