By The Trade Times, Shweproperty.com
Updated at 18 June 2015
နိုင်ငံပိုင်၊ တပ်မတော်ပိုင်၊ စည်ပင်သာယာရေး ကော်မတီပိုင် မြေနေရာများပေါ်တွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ အိမ်ရာစီမံကိန်းများ တည်ဆောက်နေခြင်းသည် ပိုင်ဆိုင်မှုဆိုင်ရာ ပြသနာများကို ပိုမိုရှုပ်ထွေးစေနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင် (၇) ဦးခင်လှိုင် (ဇောတိက)က The Trade Times ကိုပြောကြားခဲ့သည်။
" ပြည်သူပိုင်မြေမှာ BOT နဲ့ချပေးမယ်ဆိုရင် ပြည်သူ့အတွက် အကျိုးပြုမယ့် နေရာဆိုရင် လက်ခံလို့ရပေမယ့် BOT နဲ့ချတဲ့မြေမှာ အိမ်ရာဆောက်လုပ်လို့ကိုမရဘူး။ အချိန်ပြည့်ရင် ပြည်သူကိုပြန်အပ်ရမယ်။ ဒါပုံမှန်ပဲ။ အခုပုံစံအရဆိုရင် အဲ့ဒီမြေမှာ လူတွေလည်းနေတဲ့အတွက် ပြည်သူကို ဘယ်လိုပြန်ပေးမှာလဲ။ ပြောချင်တာတော့ လုပ်တဲ့သူတွေ အဆုံးဖြစ်မှာပဲ။ ဝယ်သူအနေနဲ့ အဆုံးရှုံးမခံနိုင်ရင် သက်ဆိုင်ရာ ကုမ္ပဏီကနေ refund ပြန်ထုတ်လိုက်ပေါ့"ဟု ၎င်းက ပြောပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တည်ဆောက်လွှဲပြောင်း (Build and Transfer BT) စနစ်၊ တည်ဆောက်- ငှားရမ်း-လွှဲပြောင်း (Build, Lease and Transfer-BLT) စနစ်၊ မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးမှုများပြားနေသည့် တည်ဆောက်-လုပ်ဆောင်-လွှဲပြောင်း (Build, Operate and Transfer-BOT) စနစ်၊ တည်ဆောက်-ပိုင်ဆိုင်-လုပ်ဆောင် (Build, Own and Operate-BOO) စနစ်၊ တည်ဆောက်-ပိုင်ဆိုင်-လုပ်ဆောင်-လွှဲပြောင်း (Build,Own, Opertate and Transfer - BOOT) စနစ်၊ တည်ဆောက်-လုပ်ကိုင်-မျှဝေ-လွှဲပြောင်း (Build, Operate, Share and Transfer-BOST) စနစ်၊ တည်ဆောက်-ပိုင်ဆိုင်-လုပ်ဆောင်-မျှဝေ-လွှဲပြောင်း (Build,Own, Opertate, Share and Transfer- BOOST) စနစ်ဆိုပြီး စနစ်(၇)မျိုးဖြင့် လုပ်ကိုင်နေပြီး အစိုးရပိုင်မြေနေရာများပေါ်တွင် လုပ်ကိုင်ရခြင်း ဖြစ်သည့်အတွက် တိကျသေချာသည့် စည်းမျဉ်းစည်းကမ်းများဖြင့် ကန့်သတ်ချက် အများအပြား ထည့်သွင်းကာ တည်ဆောက်မှုစာချုပ် ချုပ်ဆိုကြခြင်းလည်း ဖြစ်သည်။
"ဟိုတယ်၊ ဆေးရုံတွေက လုပ်လို့ရတယ်။ သူ့စနစ်က နှစ်ပြည့်ရင် ပြန်အပ်ရမှာ။ Residental တွေ၊ အိမ်ရာစီမံကိန်းတွေအတွက်၊ BOT မှာလုံး၀ လက်ခံလို့မရပါဘူး။ MIC ဘက်က ချပေးလို့ လက်ခံတယ်ဆိုရင်တော့ နည်းဥပဒေတစ်ခုက ထပ်လိုနေသေးတယ်"ဟု ၎င်းက ပြောပါသည်။
အခြေခံအဆောက်အဦးများ တိုးတက်စေရန်အတွက် နိုင်ငံတကာတွင် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များနှင့် အစိုးရတို့ ပူးပေါင်းကာ လွှဲပြောင်းလုပ်ကိုင်သည့် စနစ် (၇) မျိုးဖြင့် လုပ်ကိုင်လေ့ရှိကြသော်လည်း မြန်မာနိုင်ငံတွင်မူ BOT (Build, Opertate and Transfer) စနစ်တစ်မျိုးဖြင့်သာ လုပ်ကိုင်ဆောင်ရွက်မှု များပြားပြီး ကနဦး နှစ် (၅၀)၊ ထပ်တိုး (၁၀) နှစ် (၂) ကြိမ် စုစုပေါင်း နှစ် (၇၀) ငှားရမ်းသည့်စာချုပ်များဖြင့် တည်ဆောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။
ယခုလက်တလောတွင် BOT စနစ်ဖြင့် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာများပေါ်တွင် တည်ဆောက်လုပ်ကိုင်နေသည့် ကုမ္ပဏီ (၅) ခု၏ အိမ်ရာစီမံကိန်းအပါအဝင် စီမံကိန်းကြီးများမှာ အများပြည်သူ၏ ကန့်ကွက်မှုများဖြင့် ကြုံတွေ့နေရသည့်အတွက် ယင်းစီမံကိန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နှစ်ဆန်းပိုင်းမှ စတင်ပြီး လုပ်ငန်းများ ရပ်တန့်ထားရန် ညွှန်ကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ထောက်ချုပ်ရုံးပိုင် မြေနေရာများပေါ်တွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများက ဟိုတယ်များ၊ အိမ်ရာစီမံကိန်းများ၊ ဈေးဝယ်စင်တာများ၊ အဆင့်မြင့် ရုံးခန်းများပါဝင်သည့် Mix use developement များကို BOT စနစ်ဖြင့် တည်ဆောက်ရန် အဆိုပြုလွှာတင်သွင်းရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက် ရရှိခဲ့ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီများမှာလည်း ယမန်နှစ်က စတင်ပြီး အများပြည်သူအတွက်အခန်းများကို စတင်ရောင်းချခဲ့ပါသည်။
"မြေယာပိုင်ဆိုင်မှု ပြသနာတွေ နေရာတော်တော်များများမှာ ဖြစ်နေတယ်။ ပညာရှင်မတိုင်ပင်ဘဲ လုပ်ခဲ့တဲ့အတွက် ဖြစ်လာတဲ့ အကျိုးဆက်တွေ အများကြီး ရှိလာမှာပါ" မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြောသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ