By The Trad Times, Shweproperty.com
Updated at 16 July 2015
ရှစ်မိုင်လမ်းဆုံနှင့်တာမွေလမ်းဆုံ ခုံးကျော်တံတား နှစ်စင်းကို ယခုနှစ်အတွင်းတည်ဆောက်မည်ဟု ရန်ကုန်တိုင်းဒေသကြီးဆောက်လုပ်ရေးဝန်ကြီး ဦးကျော်စိုးက ပြောသည်။ အဆိုပါ တံတားနှစ်စင်းတည်ဆောက်ရေးအတွက် ပုဂ္ဂလိကသို့တင်ဒါ ဖိတ်ခေါ်ထားပြီး တည်ဆောက်ရေးအတွက် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီကို မကြာမီရွေးချယ်နိုင်မည်ဟု သိရသည်။
‘‘ရှစ်မိုင်လမ်းဆုံတံတားအတွက်ကတော့ တင်ဒါဖောက်ပြီးပြီ။ ရွေးတော့မရွေးရသေးဘူး။ ပညာရှင်တွေနဲ့ စိစစ်နေတုန်းပဲ။တာမွေတံတားအတွက်ကတော့ တင်ဒါမဖောက်ရသေးဘူး။ ဒီလထဲမှာ ဖောက်ဖြစ်ဖို့များတယ်’’ဟု ဝန်ကြီး ဦးကျော်စိုးကပြောကြားသည်။ လက်ရှိအချိန်တွင် ရှစ်မိုင်လမ်းဆုံတံတား တည်ဆောက်မှုအတွက် ကုမ္ပဏီငါးခုလျှောက်ထားပြီး တာမွေငါးခွဆုံ တံတားအတွက် ကုမ္ပဏီခုနစ်ခုက အပြိုင်လျှောက်ထားမှုများရှိနေသည်ဟုဆိုသည်။ သို့သော် လျှောက်ထားသည့် ကုမ္ပဏီများအမည်စာရင်းကို ထုတ်ဖော်ပြောကြားနိုင်ဦးမည်မဟုတ်ဟု ဦးကျော်စိုးက ပြောကြားသည်။
‘‘ပွင့်လင်းမြင်သာစွာပဲ အားလုံးအရှေ့မှာ တင်ဒါဖောက်ရွေးချယ်သွားမှာပါ။ ရွေးချယ်ပြီးသွားရင် မိုးတွင်းကာလဖြစ်ပေမယ့် အခြေခံတည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကိုင်သွားနိုင်မှာဖြစ်လို့ နှစ်စင်းစလုံးက ဒီနှစ်ထဲမှာ အပြီး ဆောက်နိုင်မှာပါ’’ဟု၎င်းကဆိုသည်။ ရန်ကုန်မြို့တွင်၂၀၁၂ မှစ၍ ခုံးကျော်တံတား လေးစင်းဆောက်လုပ်ပြီးစီးခဲ့ရာ လှည်းတန်းခုံးကျော် တံတားကို ရွှေတောင်ကုမ္ပဏီ၊ ရွှေဂုံတိုင်နှင့် မြေနီကုန်း ခုံးကျော်တံတားကို Capital De-velopment ကုမ္ပဏီ၊ ဘုရင့်နောင်ခုံးကျော်တံတားကို FMI ကုမ္ပဏီတို့က ဆောက်လုပ်ခွင့်ရရှိခဲ့သည်။
ယခုဘဏ္ဍာနှစ်တွင် ရှစ်မိုင်လမ်းဆုံ၊ တာမွေ ငါးခွဆုံနှင့် ကုက္ကိုင်းလမ်းဆုံတို့၌ခုံးကျော်တံတားများ ထပ်မံဆောက်လုပ်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ကုက္ကိုင်းလမ်းဆုံတံတားအတွက် ဖိတ်ခေါ်မှုပြုလုပ်ရန်ကျန်နေသေးသည်ဟု သိရသည်။ ခုံးကျော်တံတားများတည်ဆောက်ရန် တိုင်းဒေသကြီးအစိုးရ၏ ငွေလုံးငွေရင်းအသုံးစရိတ်တွင်ထည့်သွင်းထားပြီး တာမွေခုံးကျော်တံတား တည်ဆောက်ရန် ကျပ်သန်း ၂၂,၅၀၀၊ ရှစ်မိုင် လမ်းဆုံ ခုံးကျော်တံတားတည်ဆောက်ရန်ကျပ်သန်း ၁၆,၄၅၀ နှင့် ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားတည်ဆောက်ရန် ကျပ်သန်း ၁၅,၄၀၀ ကုန်ကျမည်ဟု တိုင်းဒေသကြီး လွှတ်တော်က ကြေညာခဲ့သည်။
သို့သော် ခုံးကျော်တံတားများ၏ အရှည်၊ နေရာအတိအကျ နှင့် အသေးစိတ်အချက်အလက်များရွေးချယ်သတ်မှတ်ရခြင်း မရှိသေးပေ။ ထိုသို့ ခုံးကျော်တံတားသုံးစင်းကို ကျပ်သန်း ငါးသောင်းကျော်အကုန်ခံပြီး တိုင်းဒေသကြီးအစိုးရက တည်ဆောက်မည်ဖြစ်သကဲ့သို့ ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရာတွင် အသုံးစရိတ်အဖြစ် ကျပ်သန်း သုံးသောင်းသုံးရန် လျာထားသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ