By The Irrawaddy, Shweproperty.com
Updated at 21 September 2015
တိတ်ဆိတ်ငြိမ်သက်လှတဲ့ ဟောင်ကောင်နိုင်ငံပိုင် Kowloon ကျွန်းဆွယ်ရှိ နဂါးကိုးကောင်ကန်နားမှာ နေထိုင်ခဲ့သူကတော့ ကွန်ဖူးဘုရင် ဘရုစ်လီပဲဖြစ်ပါတယ်။ သူဟာ အသက် (၃၂)နှစ်အရွယ်၊ (၁၉၇၃)ခုနှစ်မှာ ရုတ်တရက်သေဆုံးခဲ့ပါတယ်။ နိုင်ငံတကာစံချိန်စံနှုန်းနဲ့ ကြည့်ရင်တော့ ဘရုစ်လီ ပိုင်ဆိုင်ခဲ့တဲ့နေရာဟာ အထင်ကြီးစရာမကောင်းလှပေမယ့် လူနေအင်မတန်ထူထပ်ပြီး မြေဈေးတွေ ကြီးမားလှတဲ့ ဟောင်ကောင်လိုနိုင်ငံမျိုးမှာတော့ အတော်အသင့်ကျယ်ဝန်းတဲ့နေရာတစ်ခုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ပြီးတော့ အဲဒီနေရာဟာ မြို့ပြမီးရောင်များ၊ လူကုန်ထံများနေထိုင်ရာ မြို့ထဲလိုနေရာများနဲ့ဝေးတဲ့ အရပ်လည်း ဖြစ်ပါတယ်။
ဘရုစ်လီဟာ မြင့်မားတဲ့တိုက်တာအဆောက်အအုံတွေထူထပ်လှတဲ့ ဟောင်ကောင်မြို့ပြမှာ နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပေမယ့် အမေရိကန်နိုင်ငံ၊ ဂရေစ်လန်းမှာရှိတဲ့ နာမည်ကျော် အဲလ်ဗစ်ပရက်စလေ လိုတော့ သူ့ရဲ့နေအိမ်ဟာ သမိုင်းဝင်နေရာတစ်ခုမဖြစ်ခဲ့ပါဘူး။
ဘရုစ်လီသေဆုံးသွားပြီးနောက်ပိုင်းမှာ ပြည်ကြီးတရုတ်လူမျိုး အကျိုးဆောင်တစ်ယောက်ဖြစ်တဲ့ ယုပန်လင်း ဆိုသူက ဘရုစ်ရဲ့နေအိမ်ကို (၁၉၇၄)ခုနှစ်မှာဝယ်ယူခဲ့ပြီး အဲဒီနေရာမှာ အင်မတန်မှ အနားယူချင်စဖွယ် ကောင်းတဲ့ ဟိုတယ်တစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီဟိုတယ်လေးမှာ မြို့ပြနဲ့ဝေးရာကနေရှောင်ထွက်ပြီး သီးသန့်အချိန်ယူလိုတဲ့ တိတ်တိတ်ပုန်းချစ်သူတွေ၊ အတွဲတွေကို နာရီနဲ့ အခန်းငှားနိုင်တဲ့အပြင် မိသားစုများနဲ့အတူနေထိုင်ပြီး လွတ်လပ်မှုမရှိတဲ့ စုံတွဲတွေအတွက်လည်း အခန်းငှားနေနိုုင်ပါတယ်။
ယုပန်လင်းဟာ ပြီးခဲ့တဲ့ မေလမှာ သေဆုံးသွားခဲ့ပြီး ဘရုစ်လီပိုင်ဆိုင်တဲ့ နေရာရဲ့အနာဂတ်ကို မရေမရာနဲ့ ချန်ထားရစ်ခဲ့ပါတယ်။ ယုပန်လင်းရဲ့မြေးတော်စပ်သူ ပန်ဇီဗင်းကတော့ The South China Morning သတင်းဌာနကို “အဘိုးပိုင်ဆိုင်တဲ့ နေရာအတွက် ဥပဒေအရ ဆောင်ရွက်မှုတွေကို အပြီးသတ်ပြုလုပ်နေပါပြီ” ဆိုတာပဲ ပြောဆိုခဲ့ပြီး မည်ကဲ့သို့ အဆုံးသတ်မယ်ဆိုတာကို တိတိကျကျ မပြောဆိုခဲ့ပါဘူး။
ဘရုစ်လီရဲ့ ပရိတ်သတ်တွေနဲ့ မိသားစုဝင်တွေကတော့ ကိုယ်ခံပညာမှာ ကြယ်တပွင့်ဖြစ်ခဲ့သူ ဘရုစ်ရဲ့ အိမ်ဂေဟာလေးကို ပြန်လည်စုစည်းပြီး အမှတ်တရ အထိမ်းအမှတ်အဖြစ်နဲ့ ထိန်းသိမ်း ထားလိုကြပါတယ်။ “ကမ္ဘာတဝှမ်းမှာရှိတဲ့ ဘရုစ်လီရဲ့ ပရိတ်သတ်တွေဟာလည်း သူတို့ချစ်တဲ့ အနုပညာကြယ်ပွင့် ယခင် ပိုင်ဆိုင်ခဲ့တဲ့ နေရာကလေးကို အမှတ်တရ အခမ်းအနားတစ်ခုအဖြစ် ပြန်လည်ထိန်းသိမ်းထားလိုကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ လုပ်ပေးနိုင်တဲ့ အရာတွေက အရမ်းနည်းပါတယ်။ အစိုးရနဲ့မြေပိုင်ရှင်တွေကပဲ ဒီကိစ္စကို ဖြစ်မြောက်အောင်လုပ်ပေးနိုင်မှာပါ။ ” လို့ ဘရုစ်လီး ပရိတ်သတ်တွေစုစည်းထားတဲ့ လူမှုစာမျက်နှာကို ဦးဆောင်နေသူ ဝမ်ယူကောင်းက The South China Morning သတင်းဌာနကို ပြောဆိုထားပါတယ်။
အကယ်၍သာ ဟောင်ကောင်မှာ ဒီကိစ္စမျိုးဖြစ်လာရင်တော့ “သားဦး” လို့ ဟောင်ကောင်မှာ လူသိများခဲ့တဲ့ ဘရုစ်လီရဲ့ ပရိတ်သတ်တွေအတွက်ကတော့ မှတ်တိုင်တစ်ခုဖြစ်လာမှာပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်က ယုပန်လင်းဟာ ဒေသခံအစိုးရနဲ့ ဆက်သွယ်ပြီး အဲဒီအိမ်ကို ပြတိုက်တစ်ခု ဖြစ်လာရန် ပံ့ပိုးလှူတန်းပေးဖို့ကိစ္စကို လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါဟာ ဘရုစ်ရဲ့ပရိတ်သတ်တွေကို ချီးမြှင့်တဲ့သဘောနဲ့ဘရုစ်ရဲ့အိမ်ကို ပြတိုက်အဖြစ်ပြောင်းလဲဖို့ရန်အတွက် ဟောင်ကောင်အမွေအနှစ်ပြတိုက်အဖွဲ့ကို ဒေါ်လာ(၂၃)သန်းနဲ့ ရောင်း ချဖို့စီစဉ်ခဲ့တာပါ။ သို့ပေမယ့် ၂၀၁၁ ခုနှစ်မှာ အဲဒီအစီအစဉ် ပျက်ခဲ့ရပါတယ်။
၂၀၀၅ ခုနှစ်တုန်းက ဘရုစ်လီရဲ့ (၆၅)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ စင်ရှာစု ကမ်းနားဖက်မှာ ဘရုစ်ရဲ့ရုပ်ထုကို ထုလုပ်ပြသခဲ့ပါတယ်။ ဒါကလည်း ကမ္ဘာတဝှမ်းမှာရှိတဲ့ ဘရုစ်လီရဲ့ ပရိတ်သတ်တွေကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ဘရုစ်လီရဲ့ အဲဒီလိုရုပ်ထုမျိုးကိုပဲ ဗော့စနီးယားနိုင်ငံ မော့စတားမြို့ကလေး မှာလည်း စိုက်ထူခဲ့ပါတယ်။
ဘော့စနီးယားလူငယ်ခေါင်းဆောင်တစ်ဦးက “ ကျွန်တော်တို့ဟာ ဆားဗီးယား ဖြစ်ရင်ဖြစ်မယ်၊ ခရိုရေးရှားြ ဖစ်ရင်ဖြစ်မယ်၊ မူဆလင် ဘာသာဝင်ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံး ဘရုစ်လီကို နှစ်သက် ကြတာတော့ အတူတူပဲ” လို့ ဘီဘီစီသတင်းဌာနကိုပြောကြားခဲ့ပါတယ်။
ဘရုစ်လီရဲ့သမီးဖြစ်သူရှန်နွန်ကလည်း သူမဟာ အိမ်ရာမြေအတွက် ညှိုနှိုင်းဆောင်ရွက်နေတဲ့ ကိစ္စမှာ မပါဝင်ပေမယ့် ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကိုသတိရသောအားဖြင့် သူမငယ်စဉ်က ဘရုစ်နဲ့နေထိုင်ခဲ့တဲ့ အိမ်ကလေးကိုဆက်လက်ထိန်းသိမ်းထားဖို့ တောင်းခံခဲ့ပါတယ်။
“ဒီအိမ်ကလေးကို ပြန်လည်ထိမ်းသိမ်းထားနိုင်ဖို့ ကျွန်မအနေနဲ့ တစ်ခုခုလုပ်ပေးနိုင်ရင် သိပ်ကောင်းမှာပဲ။ မြို့ပြအမွေအနှစ်ပြတိုက်မှာ ပြုလုပ်ခဲ့တဲ့ ပြပွဲမှာရရှိလိုက်တဲ့ အောင်မြင်မှုကိုအမှီပြုပြီး အစိုးရဒါမှမဟုတ် တာဝန်သိပြည်သူတစ်ဦးတစ်ယောက်ကနေများ မိသားစုနဲ့ လာရောက်ဆက်သွယ်ပြီး ဆွေးနွေးလာရင်တော့ ကျွန်မဖက်က အပြည့်အဝအကူအညီပေးမှာပါ။ ”လို့ The South China Morning သတင်းဌာနကို ပြော ကြားခဲ့ပါတယ်။
Ref : The Irrawaddy
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ