By Eleven Media Group, Shweproperty.com
Updated at 23 June 2016
ရန်ကုန်မြို့တွင် ခေတ္တရပ်ဆိုင်းထားသည့် အထပ်မြင့် အဆောက်အအုံစီမံကိန်းများ ပြန်လည်ခွင့်ပြုရန်အတွက် ဇွန် ၂၁ ရက်မှစ၍ စိစစ်ရေးအဖွဲ့ဖြင့် စိစစ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ဇွန် ၂၁ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။
ယင်းသို့ ခွင့်ပြုရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တာဝန်ရှိသူများနှင့် စိစစ်ရေးကော်မတီကို တရားဝင်ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်းနှင့် အဆိုပါအဖွဲ့မှ ပြန်လည်စိစစ်နေခြင်း ဖြစ်ကြောင်း သိရသည်။
“ရပ်ထားတဲ့ အထပ်မြင့် အဆောက်အအုံတွေကို ပြန်လည်ခွင့်ပြုဖို့ ဒီနေ့စပြီး စိစစ်နေပါပြီ။ စိစစ်ရေးကော်မတီကိုလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တရားဝင်ဖွဲ့စည်း စိစစ်နေတာ ဖြစ်ပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ခေတ္တရပ်ဆိုင်းထားသည့် အထပ်မြင့်အဆောက်အအုံ ၁၀၀ ကျော်ရှိပြီး ယင်းအထဲမှ ပါမစ်ကြီးကျပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် ရပ်ဆိုင်းထားရသည့် အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကို ဦးစားပေး စိစစ်နေကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြား သည်။
“ပါမစ်ကြီးကျပြီးတော့မှ အကြောင်းအမျိုးမျိုးကြောင့် ပြန်ရပ်ထားတဲ့ အဆောက်အအုံ ၁၂ လုံးကို ဦးစားပေးပြီး စစ်နေတယ်။ အဖွဲ့လေးဖွဲ့နဲ့ တစ်ပြိုင်နက်တည်း စစ်နေတာပါ”ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။
ယခင်အစိုးရလက်ထက်က ဥပဒေနှင့် မညီညွတ်ဘဲ ဆောက်လုပ်ခွင့်ပြုခဲ့သည့် အထပ်မြင့် အဆောက်အအုံ ၁၀၀ ကျော်ကို အစိုးရသစ်က ပြန်လည်စိစစ်မည်ဖြစ်သောကြောင့် လုပ်ငန်းများ ခေတ္တရပ်ဆိုင်းစေခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ရပ်ဆိုင်းထားမှုအပေါ် ဆောက်လုပ်ရေးလုပ်ငန်းရှင်များဘက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီထံ ၎င်းတို့၏ နစ်နာမှုကို တင်ပြမှုများရှိကြောင်း အဆိုပါကော်မတီဥက္ကဋ္ဌ ဆိပ်ကြီးခနောင်တို မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆိုုသည်။
“ကျွန်မတို့ ကော်မတီကို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက သူတို့ရပ်ထားလို့ ဘယ်လောက် နစ်နာတယ်ဆိုတာ လာတင်ပြထားတယ်။ လုပ်ငန်းရှင်တွေ ပြောတာကတော့ အရင်အစိုးရ လက်ထက်တုန်းက သူတို့ဟာ မူအားဖြင့် ခွင့်ပြုချက်ရထားပြီးသား ဖြစ်မယ်။ မူအားဖြင့် ရထားပြီးသားဆိုရင် ပါမစ်ကြီးလို့ ခေါ်ပါတယ်။ ဆိုင်းဘုတ်အစိမ်း ရထားပြီးသားလူတွေ ဖြစ်တယ်။ ဒီလူတွေကလည်း လုပ်ငန်းရပ်ဆိုင်းထားခြင်း ခံရတယ်။ ရပ်ဆိုင်းထားတာကလည်း ပြဿနာ မဟုတ်ပါဘူးတဲ့။ ဒါပေမဲ့ သူတို့ကို မှီခိုနေတဲ့ အလုပ်သမားတွေကို မှီခိုဖို့ သိပ်ခက်ပါတယ်။ သူတို့က လုပ်ငန်းရှင်တစ်ဦးက ဘဏ်မှာ ကျပ်သိန်းခြောက်သောင်းလောက် ချေးထားတဲ့လူတွေ ဖြစ်တယ်တဲ့။ ဘဏ်ကနေလည်း ငွေချေးထားသလို သူတို့နဲ့ဆက်နွှယ်ထားတဲ့ အုတ်သဲကျောက် လုပ်ငန်းရှင်တွေဆီကလည်း အကြွေးတွေနဲ့ ယူထားတာ ဖြစ်တဲ့အတွက် ကြာရှည်မယ်ဆိုရင် ပြဿနာဖြစ်လာနိုင်တယ်တဲ့။ အဲဒီကိစ္စတွေကို ကျွန်မတို့ လွှတ်တော်ကနေ တင်ပြပေးဖို့ ရှိပါတယ်”ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။
ပြီးခဲ့သည့် မေ ၃၀ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ယခင် အစိုးရလက်ထက်က စည်ကမ်းဥပဒေများနှင့် မညီဘဲ ဆောက်လုပ်ခွင့်ပြုခဲ့သည့် အထပ်မြင့်အဆောက်အအုံများကို ရပ်တန့်ထားရန်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က စောင့်ကြည့်မည်ဖြစ်ကြောင်း ပြောကြာခဲ့သော်လည်း အချို့အဆောက်အအုံများ မရပ်တန့်ဘဲ ဆက်လက် ဆောက်လုပ်နေမှု များရှိကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။
ရန်ကုန်မြို့တွင် မည်သည့်နေရာတွင် မည်သည့်အဆောက်အအုံများ ခွင့်ပြုသင့်သည်။ ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်၊ ဆိတ်ငြိမ်ရပ်ကွက် စသည့်နေရာများတွင် အထပ်မည်မျှ ခွင့်ပြုသင့်သည်ကို ကန့်သတ်သည့် Zoning Law ထုတ်ပြန်ရန် လိုအပ်နေပြီး ယင်း ကိစ္စကို ရန်ကုန် တိုင်းဒေသကြီးလွှတ်တောသို့ တင်ပြခဲ့သော်လည်း ရန်ကုန်မြို့တော်ဝန်က ၎င်းတို့တွင် လုပ်ဆောင်ပြီးသား ရှိသည်ဟု ပြန်လည်ဖြေကြား ထားသည်။
Ref & Photo Credit : Eleven Media Group
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ