By Myanmar Times, Shweproperty.com
Updated at 6 August 2015
ရန်ကုန်မြို့တွင်း မြို့လယ်ကောင် ခြောက်မြို့နယ် မှအပ ကျန်မြို့နယ်များတွင် ပေ ၄၀x၆၀ မြေကွက်များပေါ်၌ အမြင့်ဆုံး ရှစ်ထပ်အထိ ရှိသည့် အဆောက်အအုံများ ဆောက်လုပ်ပါက အဆောက်အအုံဘေး ဝဲ၊ ယာမြေတွင် အနည်းဆုံး သုံးပေချန်ကာ ဆောက်လုပ်ရန် ပြောင်းလဲ သတ်မှတ်ခဲ့ပြီး လာမည့် စက်တင်ဘာ ၁ ရက်တွင် စတင်လိုက်နာရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က သတင်းထုတ်ပြန်ခဲ့သည်။
ယခင်က အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနကဘေး ဝဲ၊ ယာ မြေတွင် တစ်ပေခန့်ချန် ကာ ရှစ်ထပ်အောက်အဆောက်အအုံများကို ဆောက်လုပ်ခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် ပတ်ဝန်းကျင်နေထိုင်သူများ ကန့်ကွက် မှုများ များလာခြင်းကြောင့် သုံးပေထိ တိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ဌာနတာဝန် ရှိသူများက ပြောသည်။ "မြေချန်တစ်ပေပဲ သတ်မှတ်တာ နောက်ပိုင်းမှာ ကန့်ကွက်ချက်တွေများလာတယ်။ ပြီးတော့ တစ်ပေကကျဉ်းတော့ ဆောက်လုပ် ရင်းနဲ့ တစ်ခုခု အမှားအယွင်းရှိသွားရင် ရှင်းရ ခက်တယ်။ အဲဒါကြောင့် ပိုအဆင်ပြေသွား အောင် အခုသုံးပေကို ပြောင်းလဲသတ်မှတ် လိုက်တာပါ။ ဒါပေမဲ့ သုံးပေပြောင်းလဲ သတ်မှတ်တာက လာမယ့်စက်တင်ဘာလမှာ ဌာနကို လာလျှောက်တဲ့ အဆောက်အအုံတွေကို စပြီးသတ်မှတ်မှာပါ။ မတိုင်ခင်တင်ထားတဲ့ ဆောက်လုပ်ခွင့် လျှောက်လွှာတွေကတော့ အရင် တစ်ပေနဲ့ပဲ ခွင့်ပြုသွားမှာပါ" ဟု အင်ဂျင်နီယာ (အဆောက်အအုံ) ဌာန၏ ဌာနမှူး ဦးသန်းဌေးက ပြောသည်။
ယင်းကဲ့သို့ အမြင့်ဆုံး ရှစ်ထပ်ရှိသည့်အဆောက်အအုံများ ဆောက်လုပ်သည့်အခါတွင် မြေချန် သုံးပေချန်ရန် သတ်မှတ်ထားခြင်း သည် ပေ ၄၀x၆၀ ကျယ်ဝန်းသည့် မြေပြင် ပေါ်တွင် ဆောက်လုပ်မည့် အဆောက်အအုံများသာဖြစ်ပြီး ပေ ၃၉x၆၀ နှင့် ပေ ၂၆x၅၀ ကြားကျယ်သည့် မြေပေါ်တွင် ဆောက်လုပ် ပါက တစ်ပေခွဲစီချန်ကာ ဆောက်လုပ်ရ မည်ဖြစ်ပြီး ပေ ၂၅x၅၀ မြေများပေါ်တွင်မူ မြေတစ်ပေသာချန်ရန် သတ်မှတ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ "ပေ ၄၀x၆၀ မြေကွက်တွေပေါ်မှာ ရှစ်ထပ် အမြင့်ဆုံးရှိတဲ့ အထပ်မြင့်အဆောက်အအုံဆောက်မယ် ဆိုရင် သုံးပေချန်တာ ဖြစ်သင့် ပါတယ်။ အဲဒါမှ အဲကွန်းတပ်တာတို့၊ ပြတင်း ပေါက်ထည့်တာတို့ အတွက်က ပိုအဆင်ပြေတာပေါ့။ မဟုတ်ရင် တစ်ဖက်က အဆောက်အအုံနဲ့ အဆင်မပြေ တာတွေဖြစ်လာပြီး သူတို့ကကန့်ကွက်လာရင် ဆောက်မယ့်သူ တွေလည်း နှောင့်နှေးတယ်။ ဒါကြောင့် အများဆုံး သုံးပေထိချန်ဖို့ကို သတ်မှတ်လိုက်တာပါ" ဟု ဦးသန်းဌေးက ပြောသည်။
ထို့ပြင် ယခုနောက်ပိုင်း အဆောက်အအုံ များဆောက်လုပ်သည့်အခါတွင် လူနေသိပ် သည်းမှုနှင့် အဆောက်အအုံသိပ်သည်းမှု တို့ကို ထိန်းချုပ်သည့်အနေဖြင့် (ပေ ၄၀x၆၀) အောက် မြေကွက်များပေါ်တွင် နှစ်ခန်းတွဲထက်မပိုသော အဆောက်အအုံများကိုသာ ဆောက်လုပ်ခွင့်ပေးမည်ဖြစ်ကြောင်း အဆိုပါ ဌာန၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါ်တင်တင်ကြည်က ပြောသည်။ မြို့လယ်ကောင်မြို့နယ်များတွင်မူ အထပ် မြင့်အဆောက် အအုံများ ဆောက်လုပ်ပါက မြေအပြည့်ဆောက်လုပ်နိုင်ပြီး ယင်းကဲ့သို့ ဆောက်လုပ်နိုင်ခြင်းမှာ မြို့လယ်ဧရိယာ များ၏ မြို့ပြ ဒီဇိုင်းများမှာ ကိုလိုနီခေတ် မြို့ကွက်များဖြစ်သောကြောင့် မြေချန် ဆောက်လုပ်ရန် မလိုအပ်ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကပြောသည်။
"မြို့လယ်နေရာတွေက မြေအပြည့် ဆောက်လုပ်ရတယ် ဘာဖြစ်လို့လဲဆိုတော့ ကိုလိုနီခေတ်က သူတို့တွေဆွဲခဲ့တဲ့ဒီဇိုင်းကိုက ဆောက်လုပ်လို့ရတဲ့ပုံစံဖြစ်နေတော့ မြေ မချန်ဘဲ ဆောက်လည်း ဘာမှမဖြစ်ဘူး။ ပြီးတော့ မြေမချန်ဘဲဆောက်တဲ့ အဆောက် အအုံတွေရဲ့ အားသာချက်က ပြတင်းပေါက် မပါတော့ မီးလောင်တာဖြစ်ခဲ့ရင် ဘေး အဆောက်အအုံတွေကို မီးမကူးနိုင်ဘူး" ဟု ဒေါ်တင်တင်ကြည်က ပြောသည်။ ထို့ပြင် လက်ရှိရန်ကုန်မြို့၏ ရှစ်ထပ်နှင့် အထက် အထပ်မြင့်အဆောက်အအုံများကိုမူ အထပ်မြင့် အဆောက်အအုံစီမံကိန်းများ အမြင့် သတ်မှတ်ချက်ကော်မတီ (Committee for Quality Control of Highrise Building Project)က အထပ်မြင့်အဆောက်အအုံများ ၏ မြေချန်များကို သတ်မှတ်ပေးသည်။ မြို့နယ်များတွင် ပေ ၄၀x၆၀ မြေများကို မြေချန် သုံးပေအထိသတ်မှတ်လိုက်ခြင်း သည် ကောင်းမွန်သော်လည်း ဆောက်လုပ် ရေး လုပ်ငန်းများအတွက် အခက်အခဲ ရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
"တကယ်တမ်းကျတော့ ပေ ၄၀x၆၀ ဆိုတာ သိပ်ကျယ်တဲ့ မြေမဟုတ်ပါဘူး။ အဲဒါကို တစ်ဖက် သုံးပေစီချန်ရင် အဆောက်အအုံက ကျဉ်းသွားမယ်။ ပြီးတော့ ကန်ထရိုက်တွေနဲ့ မြေရှင်တွေနဲ့ တစ်ခြမ်းပေး တစ်ခြမ်းယူ ဆောက် တာမျိုးဆိုရင် အဆင်မပြေတာတွေ ဖြစ်နိုင် ပါတယ်။ အခုနောက်ပိုင်းက ဆောက်လုပ်ရေး ကလည်း အေးတယ်။ အိမ်ခြံမြေဈေးကွက်ကလည်း ငြိမ်နေတော့ ပိုဆိုးပါတယ်" ဟု ဆောက် လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ၁၂ ထပ်ဆောက်သည့် အဆောက်အအုံများမှာလည်း ဘေးတစ်ဖက်စီ ခြောက်ပေချန် ဆောက်ရ မည်ဖြစ်ပြီး ကားပါကင်အတွက် လည်း ကားတစ်စီးလျင် ၈x၁၆ ပေ အကျယ်အဝန်း ထားရှိ ရသည့်အတွက် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရာတွင် လုပ်ငန်းရှင်များအတွက် အဆင်မပြေကြောင်း ၎င်းကပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ