By Myanmar Times, Shweproperty.com
Updated at 25 August 2015
မြို့ကြီးများတွင် ဆောက်လုပ်နေသည့် အဆောက်အအုံကြီးများ၊ အထပ်မြင့်အဆောက်အအုံများ အတွက် လက်ရှိပြဋ္ဌာန်း ထားသည့် အဆောက်အအုံဆိုင်ရာ စံသတ်မှတ်ချက်များ (သို့မဟုတ်) Building Code ဥပဒေများမှာ လိုက်လျော ညီထွေမှုမရှိတော့သဖြင့် ထပ်တိုးပြင်ဆင်ချက်များ အများအပြား ပါဝင်သည့် ထပ်တိုးပြင်ဆင်ချက်မူကြမ်းကို ပညာရှင်များ စုစည်းကာ ရေးဆွဲခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီက တာဝန်ရှိသူက ပြောသည်။
"၂၀၁၂ ခုနှစ်ဥပဒေမှာ ပါမသွားတဲ့ အချက်တွေကို ထပ်ပြီးဖြည့်စွက်တဲ့သဘောပါ။ တင်ပြ ထားချက်တွေကိုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြန်လည်စိစစ်အတည်ပြုပြီး အစိုးရအဖွဲ့ကို ဆက်ပြီးတင်ပြရမယ်" ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ဦးခင်မောင်တင့်က ပြောသည်။
၂၀၁၂ ခုနှစ်က ပြည်ထောင်စုလွှတ်တော် က အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အဆောက်အအုံ ဆိုင်ရာစည်းမျဉ်းများ ဥပဒေတွင် လျှပ်စစ်ပိုင်း၊ အဆောက်အအုံတည်ဆောက်မှုပိုင်း၊ ရေပိုက် သွယ်တန်းမှု စနစ်များနှင့် ဗိသုကာပညာစနစ် များကိုလည်း သက်ဆိုင်ရာပညာရှင် အစု အဖွဲ့များက အဖွဲ့လိုက်ဆွေးနွေးခဲ့ပြီးနောက် အချက်များ ထပ်မံထည့်သွင်းထားသည့် ပထမ မူကြမ်းကို ဇူလိုင်လလယ်က ရေးဆွဲခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဆောက်လုပ်ရေးဝန်ကြီး ဌာန ဝန်ကြီးရုံး (နေပြည်တော်) ၏ အမိန့်ကြော်ငြာစာ အမှတ် ၉၇ / ၂၀၁၅ အရ ပြည်ထောင်စု အစိုးရအဖွဲ့၏ အစည်းအဝေး အမှတ်စဉ် ၃/၂၀၁၅ ဆုံးဖြတ်ချက်တွင် မြန်မာ နိုင်ငံရှိ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ (Myanmar National buiding code-MNBC) အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ ကို ဖွဲ့စည်းခဲ့ပြီး အတည်ပြုသတ်မှတ်ခဲ့သည်။ " Green buiding နည်းပညာတွေ၊ Green energy နည်းပညာတွေလည်း အခု ဖြည့်စွက် ပြင်ဆင်ထားတဲ့ Building Code ထဲမှာ ထပ်တိုး ဖြည့်စွက်ထားတာ တွေ့ရပါတယ်။ နောက်ဆုံး အချောသပ်ထွက်ဖို့အထိတော့ ပြန်ပြီး ညှိနှိုင်း ရဦးမယ်" ဟု အင်ဂျင်နီယာကောင်စီ အထွေ ထွေအတွင်းရေးမှူး ဒေါ်စီစီသန်းကဆိုသည်။ MNBC ဦးဆောင်ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်တို့ ဦးဆောင် ကာ၊ အဖွဲ့ဝင်များ အဖြစ် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ များက အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံအင်ဂျင် နီယာအသင်း၊ မြန်မာနိုင်ငံဗိသုကာကောင်စီက အဖွဲ့ဝင်များဖြင့် ပါဝင်ဖွဲ့စည်းထားသည်။
"အရင်တုန်းကတော့ အဆောက်အအုံတွေ က သေးတော့ လုပ်ထားတဲ့ Bukiding Code တွေနဲ့ အဆင်ပြေပေမယ့် အခုနောက် ပိုင်းဆောက်လာတဲ့ စီမံကိန်းအဆောက်အအုံကြီးတွေ၊ အထပ်မြင့် အဆောက်အအုံကြီးတွေအတွက်ကျတော့ အဆင်မပြေတော့ဘူး။ ဒါကြောင့် လိုတာတွေ ထပ်ထည့်ပြီး အဆင့်မြှင့် တဲ့သဘောပါ။ ပြင်ဆင်ပြဋ္ဌာန်းဖို့ လမ်းကြောင်း ပေါ် ရောက်နေပေမယ့် အချိန်ယူရဦးမယ် ထင်ပါတယ်" ဟု မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းက ဒေါ်ချောကလျာက ဆိုသည်။
ပြဋ္ဌာန်းထားရှိသည့် Building Code ဥပဒေ ဖြည့်စွက်ပြင်ဆင်ချက်များကို ဆောက် လုပ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များအသင်း၊ စည်ပင်သာယာရေး အဖွဲ့အစည်းများ၊ နည်းပညာတက္ကသိုလ်များ က ဆရာဆရာမများ ပူးပေါင်းပါဝင်ရေးဆွဲကြ ခြင်းဖြစ်သည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ