By The Myanmar Times, Shweproperty.com
Updated at 15 November 2017
ယခင်က ဈေးကွက်တွင် တိုက်ခန်းများသည် ဆောက်လုပ်သူနှင့် ရောင်းချသူစိတ်သဘောအတိုင်းသာ ဈေးကွက်တင်ရောင်းချမှု များပြားခဲ့သော်လည်း ယခုအခါ ဝယ်သူ့အကြိုက်ကို ဦးစားပေးသည့်ပုံစံသို့ ပြောင်းလဲလာကြောင်း ဈေးကွက်အတွင်းရှိ သတင်းရင်းမြစ်များထံမှ သိရှိရသည်။
အနံပေ ၂ဝ ရှိသော မြေကွက်ကို အရပ်အခေါ် ရင်ခွဲပုံစံ နှစ်ခန်းတွဲအထပ်မြင့်များ ဆောက်လုပ်မှု ယခင်ကာလက များပြားခဲ့သော်လည်း ယခုအခါ ထိုတိုက်ခန်းများမှာ ဈေးကွက် မတွင်ကျယ်တော့ဟုလည်း ဆိုကြသည်။
၂ဝ၁၄ နိုဝင်ဘာမှစတင်ကာ ဆောက်လုပ်ရေးဈေးကွက် အေးစက်လာခဲ့ပြီးနောက် စီးပွားရေးဆိုင်ရာ တုံ့ဆိုင်းစေခဲ့သော်လည်း ကောင်းကွက်အနေဖြင့် ယခုအခါ ဝယ်သူများ၏ လိုလားချက်က ဈေးကွက်တွင် အသာစီးရလာခြင်းဖြစ်သည်။
ဥပဒေစည်းမျဉ်းစည်းကမ်းများထက် ဈေးကွက်လိုလားချက်နှင့် ပိုမိုလိုက်လျောညီထွေ ဖြစ်စေရန် လုပ်ထုံးများကိုပင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များဘက်မှ ဦးဆောင်ဦးရွက်ပြုကာ ပြောင်းလဲလာသည်များ ရှိနေသည်။ ယင်းတို့အနက် ဘဏ်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များပေါင်းကာ အရစ်ကျစနစ်ဖြင့်ရောင်းသည့်ပုံစံသည် ဥပမာကောင်းတစ်ခု ဖြစ်ပါသည်။
လက်ရှိအိမ်ခြံမြေအရောင်းဈေးကွက်အတွင်း ကျယ်ဝန်းသော တိုက်ခန်းများသာ အရောင်းအဝယ် ကောင်းမွန်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
တိုက်ခန်းအရောင်းဈေးကွက်အတွင်းတွင် ဝယ်လိုအားထက် ရောင်းလိုအား များပြားနေသည့်အတွက် ဝယ်ယူလိုသူများအနေဖြင့် ရွေးချယ်မှုများ ပိုမိုပြုလုပ်လာကြပြီးနောက် အခန်းကျယ်ဝန်းသော တိုက်ခန်းများကိုသာ ပိုမိုရွေးချယ်ဝယ်ယူလာကြခြင်းဖြစ်ကြောင်း အာရှဆောက်လုပ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။
''တိုက်ခန်းဝယ်ယူလိုသူတွေက ရွေးချယ်မှုတွေ ပိုမိုပြုလုပ်လာနိုင်ကြပါပြီ။ အခန်းအကျယ်အဝန်းသာမက နေရာကောင်းမွန်တာတွေ၊ ရေ၊ မီး အဆင်သင့်ပါတာတွေ၊ အရစ်ကျစနစ်နဲ့ ပေးချေနိုင်တာတွေ၊ အတိုးနှုန်း သက်သာတာတွေကိုပါ ဝယ်ယူသူတွေက ရွေးချယ်ဝယ်ယူလာကြပါတယ်''ဟုလည်း ၎င်းက ပြောသည်။
တိုက်ခန်းဈေးကွက်တွင် ယခင်က နေထိုင်ရန်ထက် ရင်းနှီးမြှုပ်နှံသည့်သဘောဖြင့် ဝယ်ယူသူများပြားခဲ့သော်လည်း ယခုအခါ ပြောင်းပြန်ဖြစ်သွားပြီဟုလည်း သိရသည်။
''အရင်တုန်းက တိုက်ခန်းတွေကို ဈေးကစားဖို့၊ ပြန်ငှားစားဖို့ စတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအတွက် ဝယ်ယူသူတွေရှိခဲ့ကြပေမဲ့ အခုနောက်ပိုင်းမှာတော့ မြေဈေးတည်ငြိမ်နေတာကြောင့် နေထိုင်ဖို့အတွက် ဝယ်ယူလိုသူတွေပဲ များလာကြပါပြီ။ နေထိုင်ဖို့ပဲ ဝယ်ယူလိုကြတော့ တိုက်ခန်းဈေးနှုန်းကွာခြားတာထက် အကျယ်အဝန်းကို ပိုပြီးဦးစားပေးကြည့်လာကြပါတယ်''ဟု ဦးရန်အောင်က မှတ်ချက်ပေးသည်။
ဥပမာအားဖြင့်ဆိုလျှင် ဈေးကွက်တစ်ခုလုံးအနေဖြင့် တိုက်ခန်းအရောင်းအဝယ်ထိုင်းနေသော်လည်း တောင်ဥက္ကလာပမြို့နယ်တွင်မူ ဈေးကွက်ပြန်ကောင်းလာနေပြီး ထိုသို့ဖြစ်ရခြင်းမှာလည်း ပေ ၂ဝ မြေတွင် ဆောက်ထားသည့် ရင်ခွဲတိုက်များမဟုတ်ခြင်းကြောင့်သည်လည်း အကြောင်းရင်းတစ်ခုဖြစ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်တို့က ဆိုသည်။
ဦးရန်အောင်၏အဆိုအရ မြောက်ဒဂုံတွင်လည်း တန်ဖိုးမြင့် ကွန်ဒိုတိုက်ခန်းမဟုတ်သော်လည်း စတုရန်းပေ ၁,ဝဝဝ ခန့် ကျယ်ဝန်းသော တိုက်ခန်းကျယ်များ ဆောက်လုပ်မှုများပြားလာနေပြီး အရောင်းဈေးကွက်လည်း ကောင်းမွန်နေကြောင်း သိရသည်။
မြောက်ဒဂုံမြို့နယ်တွင် တိုက်ခန်းဝယ်ယူနေထိုင်နေသူတစ်ဦးဖြစ်သူ ဦးမြင့်သိန်းက တိုက်ခန်းဝယ်ယူရာတွင် ဆိတ်ငြိမ်ရပ်ကွက်ဖြစ်ခြင်းနှင့် တိုက်ခန်းအကျယ်အဝန်းကို ဦးစားပေးရွေးချယ်ခဲ့ကြောင်း ပြောသည်။
''မိသားစုအကုန်လုံး နေ့ဘက်အလုပ်သွားမယ့်သူတွေမဟုတ်ဘဲ အိမ်မှာပဲ နေထိုင်မယ့် မိသားစုဝင်တွေလည်းရှိလို့ သူတို့နေ့ရော၊ ညရော နေရမယ့်နေရာဆိုတော့ မွန်းကျပ်စရာကောင်းလွန်းလှတဲ့ တိုက်ခန်း ကျဉ်းကျဉ်းလေးထက် ဈေးသင့်တဲ့နေရာက ကျယ်ဝန်းတဲ့ တိုက်ခန်းကို ရွေးချယ်ဝယ်ယူခဲ့တာ ဖြစ်ပါတယ်''ဟု သူကဆိုသည်။
''အလုပ်လုပ်နေသူတစ်ဦးအတွက် မြို့လယ်ကောင်မြို့တွေက သွားရလာရ ပိုအဆင်ပြေပေမဲ့ မိသားစုဝင်တွေအတွက်တော့ မြို့လယ်ကောင်က အပေါ်ထပ် တိုက်ခန်းကျဉ်လေးထက် မြို့စွန်က ပထမထပ် တိုက်ခန်းကျယ်က နေထိုင်ဖို့ ပိုအဆင်ပြေရုံမက ဈေးနှုန်းလည်း ပိုမိုသက်သာ ပါတယ်'' ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။
မြတ်မင်းဆောက်လုပ်ရေးလုပ်ငန်းမှ ဒါရိုက်တာ ဦးအောင်မင်းက ဆောက်လုပ်ရေးကဏ္ဍတွင် ဝယ်ယူလိုသူကို ဦးစားပေးရသည့်ဈေးကွက်ဖြစ်လာပြီ ဖြစ်သည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့် ဝယ်ယူလိုသူများ လိုချင်သည့်ပုံစံမျိုးကိုသာ ပိုမိုဆောက်လုပ်လာရကြောင်း ပြောသည်။
''နေထိုင်သူတွေအဆင်ပြေစေဖို့ အဆောက်အအုံဆောက်ကတည်းက တိုက်ခန်းအကျယ်အဝန်းတွေ၊ အတွင်းပိုင်း အခန်းဖွဲ့စည်းမှုတွေ၊ အလှဆင်တာတွေကိုပါ ထည့်သွင်းစဉ်းစားပေးလာကြပါပြီ။ အရင်က ကွန်ဒိုတိုက်ခန်းတွေသာ အဲဒီလို ဆောက်လုပ်ပေးပေမဲ့ အခုတော့ သာမန်အခန်းကျယ်တိုက်ခန်းတွေကိုလည်း ကွန်ဒိုတိုက်ခန်းတွေလိုပဲ အခန်းဖွဲ့စည်းပုံနဲ့ အတွင်းအပြင် အလှဆင်ဒီဇိုင်းတွေ ကိုပါ ဆောင်ရွက်ပေးလာကြပါပြီ''ဟု ဦးအောင်မင်းက ပြောသည်။
တန်ဖိုးနည်းတိုက်ခန်းများကို ဝယ်လိုအား ရှိနေသည်မှန်သော်လည်း ထိုဝယ်သူများသည် ဈေးကွက်၏ အစိတ်အပိုင်းတစ်ခုကိုသာ ကိုယ်စား ပြုပြီး တန်ဖိုးမြင့်ကွန်ဒိုခန်းများ မဝယ်နိုင်သော်လည်း ဈေးနှုန်းထက် အခန်းအကျယ်နှင့် ပတ်ဝန်းကျင် ကိုကြည့်ကာ ဝယ်ယူသူများလည်း ရှိလာပြီဟု ဈေးကွက်သတင်းရင်းမြစ် အချို့ကဆိုကြသည်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ