By Ra Wai, Shweproperty.com
Updated at 1 February 2022
“တိုက်ခန်း အရောင်းအဝယ်လုပ်ရာမှာ အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ချုပ်ဆိုမှ တရားဝင်တယ်ဆိုတာ ဟုတ်ပါသလား” ဟု မိတ်ဆွေတစ်ဦးက ဆွေးနွေးလာပါသည်။ “လက်ရှိအခြေအနေမှာတော့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက တိုက်ခန်းတွေနဲ့ပတ်သက်လို့ မှတ်ပုံတင် စာချုပ်ချုပ်ဆိုပေးတာ မရှိသေးပါဘူး” “မကြာခင်ပြဋ္ဌာန်းမယ့် စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေအရဆိုရင် တိုက်ခန်းအရောင်းအ ဝယ်မှာလည်း မှတ်ပုံတင်ချုပ်ဆိုမှ တရားဝင်မယ်လို့ ပြောကြတယ်။ ဒါကြောင့် သေချာသိချင်လို့ပါ” “အသစ်ပြဋ္ဌာန်းမယ့် စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေမှ မဟုတ်ပါဘူး။ ယခုကျင့်သုံးနေတဲ့ စာချုပ်စာ တမ်းမှတ်ပုံတင်ဥပဒေမှာလည်း မရွှေ့မပြောင်းနိုင်သော ပစ္စည်းရောင်းချ၊ လွှဲပြောင်း ပေးကမ်းမယ်ဆိုရင် မှတ်ပုံတင်စာချုပ်အဖြစ် ချုပ်ဆိုရမယ်လို့ ပြဋ္ဌာန်းပြီးသားဖြစ်ပါတယ်။ အဓိက အချက်ကတော့ ဝယ်ယူတဲ့ တိုက်ခန်းကို လက်ရောက်ရယူနေ ထိုင်ဖို့ပဲလိုတယ်” “တိုက်ခန်းဝယ်မယ်ဆိုပြီး သတင်းစာမှာ ကန့်ကွက်ရန်ရှိမရှိ ထည့်လိုက်တော့ အမွေဆိုင် အိမ်ဖြစ်တယ်ဆိုပြီး ကန့်ကွက်ထားလို့ ဘယ်လိုဆက်လုပ်ရင်ကောင်းမလဲ သိချင်တယ်” “တိုက်ခန်းအမည်ပေါက်က ဘယ်သူလဲ၊ မိဘအမည်ပဲလား” “အခု ရောင်းမယ်ဆိုတဲ့ သားအမည်ပေါက်လို့သိရတယ်။ ဒါကြောင့်လည်း ဝယ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့” “ရောင်းမယ်ဆိုတဲ့ သားအမည် ပေါက်က ဘယ်လိုရတယ်လို့ ပြောသလဲ” “ကန့်ကွက်သူပေါ်လာတော့ သွားပြီးမေးမြန်းရတာပေါ့။ သူ့ အပြောကတော့ သူနဲ့အတူ မိဘတွေက ဒီမှာပဲနေခဲ့တယ်။ အမေဖြစ်သူက သူ့ကိုအပိုင်လွှဲပြောင်းပေးခဲ့တဲ့ စာ ချုပ်ရှိတယ်ဆိုပြီးပြတယ်။ အမေမကွယ်လွန်မီကတည်းက မြေရှင်ထံအမည်ပြောင်းထားတယ် ပြောတာပဲ” “ဘာပဲဖြစ်ဖြစ် မိဘပိုင်တိုက်ခန်း သဘောဖြစ်နေတယ်” “အခြားသူတွေ ပြောတာကတော့ လွှဲပြောင်းပေးတဲ့စာချုပ်ဟာ မှတ်ပုံတင်မထားလို့ တရားမဝင်ဘူးလို့လည်း ပြောနေကြတယ်” “ဥပဒေအရ အတိအကျပြောရရင်တော့ ပေးကမ်းစာချုပ်၊ အရောင်းစာချုပ်တွေမှာ မှတ်ပုံတင်မှ သာ တရားဝင်အတည်ဖြစ်မှာဖြစ်တယ်။ ဒါပေမယ့် တိုက်ခန်းအဆောက်အအုံများ ဆိုင်ရာဥပဒေ ပြဋ္ဌာန်းထားခြင်းမရှိတော့ ဒီအချက်ကိုလည်း အကောင်အထည်မဖော်နိုင် ဖြစ်နေတာလည်း ပါတာပေါ့” “ကွန်ဒို အဆောက်အအုံဆိုင်ရာ ဥပဒေတော့ ပြဋ္ဌာန်းထားတယ်မဟုတ်လား” “ဟုတ်ပါတယ်။ ကွန်ဒိုအဆောက်အအုံ (စုပေါင်းပိုင်အဆောက်အအုံ)ဆိုင်ရာ ဥပဒေမှာ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စာချုပ်စာတမ်းများကို ဥပဒေနှင့်အညီ မှတ်ပုံတင်ပေးရန် သက်ဆိုင်ရာက စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်အရာရှိများကို ခန့်အပ်တာဝန် ပေးရမယ်လို့ ပြဋ္ဌာန်းထားပေမယ့် ယခုတိုင် မှတ်ပုံတင်အရာရှိ ခန့်အပ်ဆောင်ရွက်ထားတော့ မတွေ့ သေးဘူး” “ကွန်ဒိုတိုက်ခန်းတွေ ရောင်းဝယ်ရင်တော့ မှတ်ပုံတင်စာချုပ်ရုံးမှာ မှတ်ပုံတင်စာချုပ်ပြု လုပ်ရမယ်လို့ပါတယ် မဟုတ်လား” “မှန်ပါတယ်။ ကွန်ဒိုတိုက်ခန်းတွေကို တစ်နည်းနည်းနဲ့ပေးကမ်း၊ စွန့်လွှတ်၊ လွှဲပြောင်း၊ ရောင်းချမယ်ဆိုရင် လွှဲပြောင်းပေးသူနဲ့ လွှဲပြောင်းရယူ သူတို့သည် လွှဲပြောင်းသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိထံ လွှဲပြောင်းသည့် စာချုပ်စာတမ်းကို မှတ်ပုံတင်ရမယ် လို့ ကွန်ဒိုအဆောက်အအုံဆိုင်ရာ ဥပဒေပုဒ်မ ၂ဝ မှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်” “ကျွန်တော့် အပေါင်းအသင်းတွေ ကွန်ဒိုတိုက်ခန်းဝယ်တာ မှတ်ပုံတင် စာချုပ်-ချုပ်ဆိုတယ်လို့ တော့ မကြားမိဘူး” “ရှင်းအောင်ပြောရရင် ကွန်ဒို တိုက်ခန်းတွေသာမဟုတ်ဘူး။ ၂ဝ၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ လယ်ယာမြေ ဥပဒေအရ၊ လယ်ယာမြေကို လွှဲပြောင်း ရောင်းချမယ်ဆိုရင် သက်ဆိုင်ရာ မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ်ပြုလုပ်ရမယ်လို့ ပြဋ္ဌာန်းထားပေမယ့် ယခုတိုင် အကောင်အထည် မဖော်နိုင်သေးတာကိုတွေ့ရတယ်။ ဆိုလိုတာက သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းပေးထားပေမယ့် သက်ဆိုင်ရာဌာနများက လုပ်ထုံးလုပ်နည်းနည်းဥပဒေ၊ ညွှန်ကြားချက်တွေ မရှိသေးတဲ့အတွက် မှတ်ပုံတင် စာချုပ်- မချုပ်ဆိုနိုင်တဲ့ ကိစ္စတွေရှိနေတာဖြစ်တယ်” “ဒါဆိုရင် ပိုင်ဆိုင်မှုမှာ အငြင်း ပွားမှုတွေ ဖြစ်လာနိုင်တာပေါ့” “ဒါပေမယ့် တိုက်ခန်းတွေနဲ့ ပတ်သက်လို့က သီးခြားဥပဒေပြဋ္ဌာန်း ချက်မရှိတဲ့အပြင် လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်တွေမရှိတော့ ကတိစာချုပ်တွေနဲ့ပဲ လုပ်နေကြရတာဖြစ်တယ်” “လောလောဆယ်တော့ အရောင်းအဝယ် ကတိစာချုပ်နဲ့ပဲ တိုက်ခန်းတွေ ရောင်းဝယ်နေ ကြတာပဲ။ ပြဿနာမရှိကြဘူး မဟုတ်လား” “အဓိက အချက်ကတော့ တိုက်ခန်းဝယ်သူဟာ လက်ဝယ်ရယူပြီး ဝင်ရောက်နေထိုင်ဖို့ ကလည်း အရေးကြီးတဲ့ အချက်ဖြစ်တယ်” အချို့က ဝယ်ထားတဲ့တိုက်ခန်းကို သော့ပိတ်ထားတာ၊ အိမ်ငှားချထားတာတွေရှိ တယ်ဆိုတော့ ဘာ ပြဿနာရှိနိုင်သလဲ” “သော့ပိတ်ထားပြီး လူမနေလို့ အရောင်းအဝယ်ထပ်တဲ့ ကိစ္စမျိုးမှာ သော့တပ်ဆင်ခတ်တာမျိုး တွေဖြစ်တတ်တယ်။ ဥပဒေအရ ပြောရမယ် ဆိုရင်တော့…ဒေါ်ကျင်မွှေးနှင့် ဒေါ်ပုစိန် ၁၉၆၇ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ – ၅၈၈ အမှုမှာ အချင်းဖြစ်မြေကိုဝယ်ပြီးက တည်းက လက်ရှိနေထိုင်သူဖြစ်သဖြင့် အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ထားခြင်းမပြုခဲ့သော်လည်း မှတ်ပုံတင် အက်ဥပဒေပုဒ်မ ၄၉ ခြွင်းချက်အရ တရားဝင်စာချုပ်ဖြစ်တယ်လို့ ဆုံးဖြတ်ထားတာရှိတယ်။ ဒါကြောင့် တိုက်ခန်းအပါဝင် ကွန်ဒိုတွေမှာ အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ထားခြင်း မပြုလုပ်နိုင်ပေမယ့် ဝယ်သူကိုယ်တိုင် လက်ရောက်ဝင်နေမယ်၊ ဝင်ထွက်နေမယ်ဆိုရင် တရားဝင်ပိုင်ဆိုင်တယ်လို့ ဥပဒေအရ သတ်မှတ်ပေးမှာဖြစ်တယ်” “အခု ကိစ္စမှာ အမည်ပေါက်သူ သားဆီကဝယ်ရင် ကန့်ကွက်ပေမယ့် တရားဝင်တယ်ပေါ့” “သူငယ်ချင်း ကိစ္စကတော့ မိဘတွေပိုင် တိုက်ခန်းဖြစ်နေတယ်။ မိခင်က သားဖြစ်သူကို လွှဲပြောင်းပေးတာကို ကျန်သားသမီးတွေက သိရှိသဘောတူမယ်။ တိုက်ခန်း လွှဲပြောင်းစာချုပ်မှာ ကျန်သားသမီးတွေက သက်သေအဖြစ် လက်မှတ်ရေးထိုး ထားမယ်ဆိုရင်တော့ ပြဿနာမရှိဘူး။ ကျန်သားသမီးတွေမသိဘဲ တိုက်ခန်းလွှဲပြောင်း စာချုပ်လုပ်မယ်။ မြေရှင်ထံပြပြီး တိုက်ခန်းအမည် ပြောင်းမယ်ဆိုရင်တော့ ဥပဒေအရ အတည်မဖြစ်ဘူး သူငယ်ချင်း” “ဒါဆိုရင် မိဘတွေရဲ့ အမွေဆိုင်ပစ္စည်းဖြစ်သွားနိုင်တာပေါ့” “မှန်ပါတယ်။ အမေက သားကို တိုက်ခန်းလွှဲပြောင်းပေးတဲ့ စာချုပ်မှာ ကျန်သားသမီးတွေက လက်မှတ်ထိုး ထားခြင်းရှိမရှိစိစစ်ပြီး လက်မှတ်ရေး ထိုးသဘောတူထားရင်တော့ အမည် ပေါက်သားထံမှ အရောင်းအဝယ် ကတိစာချုပ်-ချုပ်ဆို ဝယ်ယူပြီး လက်ရောက်နေထိုင်ပါ”လို့ အကြံပြု ဆွေးနွေးလိုက်ပါသည်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ စာချုပ်စာတမ်းနှင့် ပေးကမ်းခြင်း အပျောက်စနစ်နှင့် ၀ယ်ထားသည့် တိုက်ခန်းများရှိသော မြေကို ၀ယ်မည်ဆိုလျှင် စည်ပင်မြေပေါ်တွင် တည်ဆောက်ထားသည့် စည်ပင်တိုက်ခန်းအကြောင်း စာချုပ်ချုပ်မည်ဆိုလျှင် ရောင်းသူဆောင်ရွက်ချက် မဖော်ပြမိသည့်ကိစ္စ Credit By: ထီယု (ဥပဒေအတိုင်ပင်ခံ) Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ