By Myanmar Times, Shweproperty.com
Updated at 30 October 2015
အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသားများ အဆောက်အအုံများကို ဝယ်ယူနိုင်ရန် ယူကေ အခြေစိုက် Trivelles International အကျိုးဆောင်လုပ်ငန်းက ရောင်းချနေပြီဖြစ်သည်။
"လက်ရှိအချိန်က မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေက အခြားနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံးအချိန်ဖြစ်လို့ ယခုနှစ်မှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ယူကေ က အိမ်ခြံမြေတွေကို လာရောက်ရောင်းချ တာဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ပညာသင်ကြားနေတဲ့ မြန်မာနိုင်ငံသားတွေ အများကြီးရှိမှာပါ။ ကျွန်တော်တို့ သိစေချင်တာက မြန်မာနိုင်ငံသားတွေလည်း အင်္ဂလန်မှာ အဆောက်အအုံတွေ ဝယ်ယူနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်" ဟု ယင်းအကျိုးဆောင်လုပ်ငန်းမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမန်နေဂျာ Mr. Vincent Tan က ပြောသည်။
ယခုအကြိမ်တွင် အဓိကစီမံကိန်းအဖြစ် အင်္ဂလန်နိုင်ငံ Nottingham မှ Regency Suites အမည်ရှိ ဆောက်လုပ်ဆဲ ကျောင်းဆောင်ကို ရောင်းချခြင်းဖြစ်သည်။
"အခုတစ်ကြိမ်ကတော့ ပထမဆုံးအနေနဲ့ ကျောင်းဆောင်ကိုပဲ ဦးစားပေးပြီး ရောင်းချတာ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ ဥပဒေတွေအရ ဒီအဆောက်အအုံက ကျောင်းအဆောင်ဖြစ်လို့ အင်္ဂလန်နိုင်ငံမှာ ပညာသင်ကြားနေတဲ့သူတွေကပဲ ထိုကျောင်းဆောင်မှာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဝယ်ယူတဲ့ သူတိုင်းတော့ ထိုအဆောက်အအုံမှာ နေထိုင်ခွင့်ရရှိမှာ မဟုတ်ပါဘူး။ ဟိုတယ်ရင်းနှီးမြှုပ်နှံ မှုပြုလုပ်မယ်ဆိုရင် တစ်နှစ်မှာ တစ်ပတ် အဲဒီဟိုတယ်မှာ နေထိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ တစ်သက်စာ နေထိုင်ခွင့်တော့ ရရှိမှာ မဟုတ်ပါဘူး။ နေထိုင်ခွင့်လိုချင်ရင်တော့ ရင်းနှီးမြှုပ်နှံမှု များများပြုလုပ်ပြီး ပီအာကနေတစ်ဆင့် တစ်သက်တာ နေထိုင်ခွင့်ရမယ့် နည်းလမ်းတွေလည်း ရှိပါတယ်" ဟု ၎င်းကပြောသည်။
ထိုအဆောက်အအုံကို မြန်မာနိုင်ငံအပြင် စင်ကာပူ၊ ထိုင်ဝမ်၊ ဘန်ကောက်၊ ကိုရီးယားနှင့် ဟောင်ကောင်နိုင်ငံများ တွင်လည်း ရောင်းချပေးလျက်ရှိကြောင်း ၎င်းကပြောသည်။
"အဆောက်အအုံ ဝယ်ယူဖို့ ဒုတိယအဆင့် အနေနဲ့ ၅၀ ရာခိုင်နှုန်းပေးတဲ့အချိန်ကျမှ အင်္ဂလန်နိုင်ငံက ရှေ့နေတွေနဲ့ စာချုပ်ချုပ်ပေးမှာ ဖြစ်ပါတယ်။ ပထမအဆင့်ပေးတဲ့အခါမှာတော့ ရှေ့နေနဲ့တစ်ဆင့် စာချုပ်မချုပ်သေးပါဘူး။ ၁၀ ရာခိုင်နှုန်းပေးပြီးရင် အခန်းဝယ်ယူထားတဲ့သူတွေက အဲဒီအဆောက်အအုံ ဆောက်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ကြည့်ချင်ရင် သွားကြည့်လို့ ရပါတယ်။ သွားကြည့်ပြီးတော့ အဲဒီတိုက်ခန်းကို မဝယ်ဖြစ်တော့ဘူးဆိုရင်လည်း ငွေပြန်အမ်းပေးမှာ ဖြစ်ပါတယ်"ဟု Pronto အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း အရောင်းတာဝန်ခံ ဒေါ်မိုးကြည်ဖြူထွန်းက ပြောသည်။
ထိုအဆောက်အအုံ ဝယ်ယူလိုသူများသည် ၁၀ ရာခိုင်နှုန်းခန့်ကို ပထမတစ်ပတ်အတွင်း ပေးချေရမည်ဖြစ်ပြီး ၅၀ ရာခိုင်နှုန်းခန့်ကို ပထမတစ်လအတွင်း ပေးရမည်ဖြစ်ကာ ကျန် ၄၀ ရာခိုင်နှုန်းခန့်ကို ဆောက်လုပ်ပြီးစီးမည့် ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ပေးရမည်ဖြစ်သည်။
Ref : Myanmar Times
Photo Credit : London Pic
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ