By Sint Sint, Shweproperty.com
Updated at 25 August 2020
မြန်မာ-ထိုင်း နယ်စပ်ရှိ သံလွင်မြစ်ကူး ကြိုးတံတား (တာဆန်းတံတား) တည်ဆောက်ခြင်း စီမံကိန်း တွင် အသုံးပြုရန် သြစတြီးယား နိုင်ငံ UniCredit Bank ထံမှ အတိုးမဲ့ချေးငွေ ယူရိုငွေ ၈ ဒသမ ၄ သန်း ရယူရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်း အဝေးသို့ ရှင်းလင်း တင်ပြခဲ့သည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က “ခံနိုင်ဝန် ၁၆ တန် ရှိတဲ့ တံတား အဟောင်းက သက်တမ်း ၂၁ နှစ်ရှိလာတဲ့အတွက် ခံနိုင်ဝန် လျော့ကျလာပါတယ်၊ ခံနိုင်ဝန်ကို အရင်က တန် ၃၀ အထိ ခွင့်ပြုခဲ့ရာက အခု ၁၆ တန်သာ ခွင့်ပြုထားပါတယ်၊ ဒါကြောင့် ၁၀ ဘီးနဲ့ အထက် ကုန်တင်ယာဉ်ကြီးတွေဟာ ကုန်တွေကို ယာဉ်ငယ်တွေနဲ့ တစ်ဘက်ကမ်းကို ကဲ့ယူ ပို့ ဆောင်နေရပါတယ်၊ အချိန်ကြာမှုတွေ၊ သယ်ယူ ပို့ဆောင်ခတွေ ရှိလို့ ကုန်ဈေးနှုန်းတွေ မြင့်တက် ပါတယ်၊ တန် ၃၀ အထက် ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားရတဲ့ အဓိကကျတဲ့ တံတားဖြစ်လို့ လက်ရှိကိုး တံတားရဲ့ ရေစုန်ဘက်မှာ ခံနိုင်ဝန် တန် ၆၀ ရှိမယ့် တံတားတစ်စင်း ဆောင်ဖို့ လိုအပ် လာပါတယ်” ဟု လွှတ်တော်သို့ ရှင်းပြခဲ့သည်။
ထိုသို့ တည်ဆောက်နိုင်ရေးနှင့် တံတား အရည်အသွေး မြင့်မားရေးတို့အတွက် ဥရောပ သံဘောင် များနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူနိုင်ရန် သြစတြီးယား နိုင်ငံ UniCredit Bank ထံမှ အတိုးမဲ့ချေးငွေ ယူရိုငွေ ၈ ဒသမ ၄ သန်း ရယူလိုကြောင်း၊ အဆိုပါ တံတားသည် နမ့်ဆန်၊ မိုးနဲ၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်လမ်း တာချီလိတ်မြို့နှင့် ဆက်သွယ်ထားသော အပေါ်တွင် တည်ရှိပြီး နှစ်နိုင်ငံ ကုန် သွယ်မှုအတွက်သာမက မြန်ာ-ထိုင်း-လာအို-တရုတ် စသည့် ဒေသတွင်း သွားလာမှု၊ ကုန်စည် ပို့ဆောင်မှု လျင်မြန် လွယ်ကူရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာကျသော တံတား ဖြစ်ကြောင်း၊ တံတား ပြီးစီးပါက တောင်ကြီးမြို့မှ တာချီလိတ်မြို့သို့ နေ့ချင်း ရောက်ရှိနိုင် ကြောင်း၊ အဆိုပါ တံတား၏ ပန္နက်တော် တင်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် တက်ရောက်ခဲ့ကြောင်း၊ တံတားစီမံကိန်းကို အဆိုပါ နေ့တွင် စတင်ခဲ့ကာ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပြီးစီးရန် လျာထားကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ရှင်းလင်း တင်ပြခဲ့သည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းကလည်း အဆိုပါ ချေးငွေသည် ချေးငွေ သက်တမ်း ၂၈ နှစ်နှင့် ခြောက်လ၊ ဆိုင်းငံ့ကာလ ၁၄ နှစ်၊ ပြန်ဆပ်ကာလ ၁၄ နှစ်နှင့် ခြောက်လ၊ အတိုးမဲ့ ဖြစ်ပြီး သက်သာသည့် ချေးငွေ အမျိုးအစား ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ပြည်ပ ကြွေးမြီမှာ ၂၀၂၀ ဇွန်လ ၃၀ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၉ ဘီလီယံ ရှိပြီး ပြည်ပ ကြွေးမြီနှင့် GDP အချိုးမှာ ၁၃ ဒသမ ၂၃ ရာခိုင်နှုန်း ရှိသဖြင့် ကြွေးမြီ ခံနိုင်ရည် အတိုင်းအတာ အတွင်း ရှိကြောင်း ရှင်းလင်း တင်ပြခဲ့သည်။
အဆိုပါ ချေးငွေရယူရေး ကိစ္စအား ၂၀၂၀ ခုနှစ် သြဂုတ် ၂၈ ရက်တွင် ပြည်ထောင်စု လွှတ် တော် အစည်းအဝေး၌ ဆွေးနွေးရန် လျာထားပါကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ကြေညာခဲ့သည်။
Credit : Myanmar Builders Guide
Photo Credit : : Burmese shannews
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ