By The Kumudra, Shweproperty.com
Updated at 22 March 2016
ပြည်တွင်းခရီးသွားအများဆုံးလာရောက်အနားယူအပန်းဖြေကြတဲ့ ချောင်းသာကမ်းခြေမှာရှိတဲ့ ဟိုတယ်တွေအားလုံး သင်္ကြန်အတွင်းအပါအဝင် အခုနှစ်မှာ ၂၀ ရာခိုင်နှုန်းခန့် ဈေးလျော့ထားတယ်လို့ ချောင်းသာကမ်းခြေ ဟိုတယ်လုပ်ငန်းရှင်များအသင်းကသိရပါတယ်။
၂၀၁၄ ခုနှစ်က ခရီးသွားအရေအတွက်ထက် ၂၀၁၅ ခုနှစ်မှာ အနည်းငယ်လျော့ကျခဲ့တာကြောင့် အခု၂၀၁၆ ခုနှစ်မှာ တည်းခိုခ ဈေးနှုန်းတွေကို လျော့ချပေးထားတာဖြစ်တယ်လို့ ချောင်းသာကမ်းခြေရှိ သီရိဟိုတယ်ပိုင်ရှင် ဦးနိုင်ဝင်းကဆိုတယ်။
သူက ‘မနှစ်က ခရီးသွားလျော့ကျပါတယ် ၊ ဘာလို့လဲဆိုတော့ အဓိကက လမ်းပန်းကြောင့်ပါ ၊ ဥတိုတံတားက ကားတစ်စီးပဲဖြတ်လို့ရတော့ ဟိုဘက်ဒီဘက်ဖြတ်ဖို့ စောင့်ရတဲ့အချိန်က တစ်နာရီကျော်လောက်အချိန်ပေးရတယ် ၊ ဒါကြောင့်တံတားကို ခဏပိတ်လိုက်ပြီး နှစ်လမ်းသွား တံတားအဖြစ်လုပ်လိုက်ပါတယ် ၊ အဲဒီလိုပိတ်ထားတဲ့အချိန်မှာ ခရီးသည်ဝင်ရောက်မှုက ကျသွားတာပါ’ လို့ပြောပါတယ်။
ဥတိုတံတားကို မတ်လ ၁၈ရက်နေ့က ဖွင့်လှစ်ခဲ့ပြီးဖြစ်လို့ မနှစ်က လျော့ကျခဲ့တဲ့ခရီးသည် အရေအတွက်ထက် ပိုမိုဝင်ရောက်လာစေဖို့ အခုလိုဈေးနှုန်းလျော့ချထားတာလို့ သိရပါတယ်။ ချောင်းသာကမ်းခြေဟိုတယ်တွေအနေနဲ့ သင်္ကြန်တွင်းလာရောက်တည်းခိုကြမယ့် ဧည့်သည်တွေ အတွက်ကိုလည်း ၂၀ရာခိုင်နှုန်းလျော့ထားတဲ့ ဈေးနှုန်းနဲ့တည်းခိုနိုင်မှာဖြစ်တယ်လို့ ဟိုတယ်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ချောင်းသာကမ်းခြေ ဟိုတယ်ဈေးနှုန်းတွေကတော့ တစ်ညကို အနိမ့်ဆုံး ကျပ် ၄၀,၀၀၀ ခန့်ကစတင်ပြီး အခန်းအမျိုးအစားပေါ်လိုက်ပြီး အမြင့်ဆုံးဈေးကျပ် ၂၅၀,၀၀၀ အထိရှိတယ်လို့သိရပါတယ်။
လက်ရှိအချိန်အထိ ချောင်းသာကမ်းခြေမှာ ဟိုတယ် ၁၆လုံးနဲ့ ဧည့်ရိပ်သာခြောက်လုံး စုစုပေါင်း ၂၂ လုံးရှိတယ်။ အခန်းအရေအတွက်က ၈၅၄ ခန်းရှိပါတယ်။တစ်နှစ်ကို ပျမ်းမျှတည်းခိုသူအရေအတွက် ၂၅၀,၀၀၀ ခန့်ရှိတယ်လို့ ဟိုတယ်လုပ်ငန်းရှင်များအသင်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။
Ref : The Kumudra
Photo Credit : Social
Posted By : Htety Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ