By Home & Services, Shweproperty.com
Updated at 15 June 2015
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ခွင့်ပြုချက်ရရှိပါက အိမ်ရာဝယ်ယူရန် ဘဏ်သို့ ကနဦးပေးသွင်းရမည့် (၃၀) ရာခိုင်နှုန်းကို အရစ်ကျပေးသွင်းနိုင်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှုး ဦးဝင်းဇော်က ပြောပါသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် အိုးအိမ်ဦးစီးဌာနတို့ ချိတ်ဆက်ပြီး အိုးအိမ်မှ ဆောက်လုပ်ရောင်းချသော အိမ်ရာဝယ်ယူနိုင်ရန် ဘဏ်မှချေးငွေရယူရာတွင် ချေးယူမည့် ငွေကြေးတန်ဖိုး၏ (၃၀) ရာခိုင်နှုန်းကို ဘဏ်သို့ပေးသွင်းရမည်ဖြစ်ရာ အခက်အခဲရှိသူများအနေနဲ့ အရစ်ကျပေးသွင်းနိုင်ကြောင်း ၎င်းကပြောပါသည်။
"အိုးအိမ်ကို အကြောင်းကြားရမယ်၊ ခွင့်ပြုချက်ယူရမယ်ဆိုတာက အိုးအိမ်အနေနဲ့ အိမ်ရာတွေကို ရောင်းပေးနေတော့ တကယ်လို့ ယူမယ်ဆိုတာ သေချာရင် အိမ်ရာတိုက်ခန်းကို သူ့အတွက် ချန်ပေးထားမှာပေါ့။ သူက အချက်ချင်း (၃၀) ရာခိုနှုန်းမပေးနိုင်ဘူးလေ။ အဲ့တော့ သူများကိုမရောင်းဘဲနဲ့ စောင့်ပေးမယ်"ဟု ဦးဝင်းဇော်က ပြောပါသည်။
အိမ်ရာဝယ်ယူလိုသူများအနေဖြင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ (၃၀) ရာခိုင်နှုန်းကို အရစ်ကျပေးသွင်းလိုကြောင်း အကြောင်းကြားသဖြင့် ခွင့်ပြုချက်ရရှိပါက ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်တွင် ပုံမှန်ငွေစုစာအုပ်ပြုလုပ်ပြီး ငွေစုစာရင်းဖွင့် ရမည်ဖြစ်သည်။
အိမ်ရာဝယ်ယူရန် (၃၀) ရာခိုင်နှုန်းကို အရစ်ကျပေးသွင်းရာတွင် (၁)လလျှင် (၁၀) ရာခိုင်နှုန်းဖြင့် (၃) လကြာပေးသွင်းရမှာ ဖြစ်ပြီး ဝယ်ယူမည့် အိမ်ရာတန်ဖိုး၏ (၃၀) ရာခိုင်နှုန်းပြည့်မှသာ အိမ်ရာဝယ်ယူခွင့် ရရှိမှာ ဖြစ်ကြောင်း၊ (၃၀) ရာခိုင်နှုန်းပေးသွင်းပြီးပါက ပုံမှန်ငွေစုစာရင်း ဖွင့်ထားရာမှာ အိမ်ရာဝယ်ယူခွင့် ရရှိသည့် ခွင့်ပြုချက်ဌာနသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ဦးဝင်းဇော်ကပြောသည်။
"အခုထိတော့ (၃၀) ရာခိုင်နှုန်းကိုအရစ်ကျ ပေးသွင်းမယ်ဆိုတဲ့သူ မရှိသေးဘူး။ (၃၀) ရာခိုင်နှုန်းကို အရစ်ကျ ပေးသွင်းမယ်ဆိုတဲ့သူ မရှိသေးဘူး။ တစ်ခါတည်း သွင်းကြတာများပါတယ်။ အခုအရစ်ကျ ပေးလိုက်ရတယ် ဆိုတာက အရင်တုန်းကပြောသလို အိမ်ဝယ်ဖို့စိတ်ကူးရင် ငွေစုကြပါလို့ ပြောခဲ့သလိုပဲ၊ ဘဏ်မှာငွေစုထားတယ်။ ပြည့်ရင် ချေးပေးလိုက်မယ်"ဟု၎င်းကပြောသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် အိမ်ရာဝယ်ယူရန် ချေးငွေရယူလိုသူများကို အိမ်ရာတန်ဖိုး (၃၀)ရာခိုင်နှုန်း ပေးသွင်းပြီးပါက လိုအပ်သော(၇၀)ရာခိုင်နှုန်းကို ဖြည့်သွင်းပြီး ချေးပေးနေခြင်းဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများအတွက်လည်း ငွေကြေး
အခက်အခဲရှိပါက တိုက်ခန်းအလွှာအလိုက် အရစ်ကျချေးပေးနေကြောင်း သိရသည်။
Ref : Home & Services
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ