By Irrawaddy, Shweproperty.com
Updated at 12 December 2017
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြေများကို သက်သာသော ဈေးနူန်းဖြင့် ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံခွင့်ရရှိရန် တိုင်းအစိုးရမှ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က” ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဆီကို အိုဆာကာမြို့က SME လုပ်ငန်းရှင်တွေလာ ဆွေးနွေးခဲ့ပါတယ်။ သူတို့အနေနဲ့ မြေဈေးက အရမ်း ကြီးမြင့်နေတဲ့အတွက် ရင်းနှီးမြှုပ်နှံဖို့ ခက်ခဲတယ်။ ဒါကြောင့် ရန်ကုန်တိုင်းအစိုးရ အဖွဲ့အနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ တကယ်ကို အလုပ်လုပ်မယ့် သူတွေ အတွက် မြေကို အလွန်သက်သာတဲ့ ဈေးနူန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ရရှိအောင် ကျမတို့ ဘက်ပေါင်းစုံကနေ စီစဉ်ဆောင်ရွက် နေပါတယ်”ဟု ဒီဇင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာ့ ရင်းနှီးမြှုုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ၌ ပြောသည်။
ဆက်လက်၍ ၎င်းက “ကျမတို့ လက်ရှိဖြစ်နေတဲ့ ကိစ္စ ကိုပြောပါမယ်။ မြေတွေကို လွဲှပြောင်းရယူထားတယ်။ ဒီမှာမြေတွေကို တန်ဖိုးရှိစွာ အသုံးမချဘူး။ ဈေးကစားဖို့အတွက်ပဲ စီစဉ်ဆောင်ရွက်နေတယ်။ သို့သော်လည်း ကျမတို့က မြေကိုတကယ် အလုပ်လုပ်မယ့် သူလက်ထဲကို မြေနေရာ ဈေးသက်သက်သာသာနဲ့ လုပ်ကိုင်ခွင့်ရရှိဖို့ လုပ်နေတာ ရှိပါတယ်”ဟု ရှင်းပြသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ အနေနှင့် ရင်းနှီးမြှုပ်နှံရန်အတွက် လာရောက်ဆွေးနွေးရာတွင် ၎င်းတို့မှ စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရန် မြေနေရာ အဓိက လိုအပ်နေပြီး မြေဈေးမှာ မြင့်နေခြင်းကြောင့် လုပ်ငန်းရှင်များ အခက်အခဲ ဖြစ်နေကြောင်း ပြောဆိုကြကြောင်း သိရသည်။
ယင်းအပြင် မြေနှင့်ပတ်သက်၍ မွေးမြူရေး လုပ်ငန်များ လုပ်ကိုင်လိုခြင်း၊ အထူး စီမံကိန်းများ စီမံ ဆောင်ရွက် ခြင်း စသည်တို့ကို လာရောက်လုပ်ကိုင်မည့် လုပ်ငန်းရှင်များအတွက် မြေဈေးကို သက်သာစွာ ရရှိပြီး ဆောင်ရွက်နိုင်မည့် အခြေအနေမျိုး ရရှိနိုင်ရန် အထူးစီမံချက်အနေနှင့် ပြည်ထောင်စု အစိုးရသို့ တင်ပြသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးဌေးမြင့်က “စီးပွားရေး လုပ်ငန်းရှင်တွေက အရင်ကတော့ ဈေးမြင့်လို့မလာဘူး ဆိုပြီးတော့ သုံးသပ်တယ်။ ဒါပေမယ့် အခုဈေးကျ သွားတော့လည်း လာလားဆိုတော့ မလာဘူး။ ဒါကြောင့် ဒီဈေးနူန်းမြင့်တာ၊ နိမ့်တာက အကြောင်းလားဆိုတာ မဟုတ်တဲ့သဘောပေါ့။ အဓိကတော့ မြန်မာနိုင်ငံကို ယုံကြည်မှုပေါ့။ လုပ်ငန်းရှင်က သူတို့ရဲ့ အကျိုးအမြတ်က ရေရှည် လုပ်လို့ရ၊ မရ သူရဲ့ ဥပဒေပိုင်းတည်ငြိမ်မှု ရှိ၊ မရှိကို ကြည့်တယ်” ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက”အခုက ဈေးကျပြီး ဈေးကွက်က အေးနေတယ်။ တက်သွားတုန်းကလည်း မဖြစ်သင့်တဲ့ ဈေးနဲ့ တက်သွားတယ်။ အခုချိန်မှာတော့ ပုံမှန်ဖြစ်နေတဲ့ သဘောပေါ့နော်။ တက်တဲ့အချိန်နဲ့ အခုကတော့ တက်တုန်းက ၃ ဆလောက်တက်တယ်။ အခုကျတော့ ၃ ချိုး ၁ ချိုးလောက်တော့ ကျသွားတယ်။ ဒါပေမယ့် အရောင်းအဝယ်ဖြစ်လားဆိုတော့ မဖြစ်ဘူး။ ဈေးအမှန်တော့ ပြောရခက်တယ်”ဟု ဟု ပြောသည်။
အဓိကအားဖြင့် ပြည်ပစီးပွားရေးလုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အခြား အာဆီယံနိုင်ငံများနှင့် မြန်မာနိုင်ငံကို နိူင်းယှဉ်ရာတွင် လုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူမှု ရှိ၊ မရှိ ကြည့်ခြင်းသာဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
ထိုင်း၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ စင်ကာပူ နှင့် ဥရောပနိုင်ငံများက မြန်မာနိုင်ငံတွင် ကုမ္ပဏီ အကြီး၊ အသေးများကို လာရောက် ရင်းနှီးမြှုုပ်နှံရန်စိတ်ဝင်စားလျက် ရှိနေပြီး ကုမ္ပဏီများအနေနှင့် အလုပ် လုပ်ကိုင် ကြရာတွင် နိုင်ငံရေးထက် အမြတ်အစွန်းကိုသာ ဦးစားပေးကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကလည်း သုံးသပ်သည်။
အိမ်ခြံမြေဈေးကွက်မှာ နိုင်ငံရေးအပြောင်း အလဲများကို စီးပွားရေး လုပ်ငန်းရှင်များမှ စောင့်ကြည့်ခြင်း၊ လက်ရှိတက်လာသော အစိုးရ၏ အခွန်နူန်းထားများကို ကြည့်ခြင်း၊ အိမ်ခြံမြေနှင့် ပတ်သက်သည့် လုပ်ဆောင်ပေးရမည့် စာရွက်စာတမ်းများမှာ ရပ်တန့်သွားခြင်းနှင့် အခြားစီးပွားရေးများမှာလည်း ငြိမ်နေခြင်း စသည့် အကြောင်းအချက်များကြောင့် အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်နှင့် ဈေးနူန်းများငြိမ်နေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
မြန်မာနိုင်ငံသည် မြေလွတ်မြေရိုင်းများ ပေါများသည့် နိုင်ငံဖြစ်သော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မြေယာများတွင် ရင်းနှီးမြုပ်နှံပြီး ဈေးကစား ဝယ်ယူမှုများကြောင့် အိမ်ခြံမြေများ၊ လယ်ယာမြေများမှာ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်ဝန်းကျင်တွင် ဈေးအမြင့်ဆုံးအဖြစ် ကျပ်သိန်းရာချီ မြင့်တက်ခဲ့ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များ ထံမှ သိရသည်။
Ref & Photo Credit : Irrawaddy
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ